ဂျပန်လူငယ်လေးတစ်ယောက်သည် အိမ်မှထွက်မသွားရဲသည့် ကြောက်စိတ်ပြဿနာ ရှိသည်။ သူတစ်ပါးနှင့် မဆက်ဆံချင်သောကြောင့် နေ့ဘက်တွင် အိပ်ပြီး ညဘက်တွင် တစ်ညလုံးမအိပ်ဘဲ တီဗွီကြည့်နေသည်။ သူသည် ဟီကီကိုမိုရီ ခေါ် ခေတ်သစ်ရသေ့ တစ်ပါးဖြစ်လာသည်။ ပြဿနာက ကျောင်းတွင် အဆင့်မကောင်း၍ ကျောင်းမသွားခြင်းမှ
စသည်။ လူမှုအသိုင်းအ၀န်းနှင့် အနေဝေးလာသည်နှင့်အမျှ လူများနှင့် အဆင်မပြေတော့ဟု ပိုခံစားလာရသည်။ တဖြည်းဖြည်းနှင့် သူငယ်ချင်း၊ မိသားစုများနှင့် အကုန် အဆက်အသွယ် ဖြတ်ခဲ့သည်။ ထို့နောက် ကျိုးပဲ့ကြေကွဲနေ သူများ ပတ်ဝန်းကျင်နှင့် ပြေလည် အစပြု ဆက်ဆံနိုင်အောင် မစပေးသည့် လုံခြုံစိတ်ချရသော တိုကျိုမြို့ရှိ Ibasho ခေါ် လူငယ်ကလပ်အဖွဲ့သို့ သွားရောက်ခြင်းဖြင့် သူ့ကို ပြန်လည် ကျန်းမာလာအောင် ကူညီပေးခဲ့သည်။
ကျွန်ုပ်တို့၏အသင်းတော်ကို Ibasho ကဲ့သို့ နေရာမျိုး (သို့) ထိုထက်ပိုအဓိပ္ပာယ်ရှိသောနေရာတစ်ခုအဖြစ် တွေးမြင်ကြည့်မည်ဆိုလျှင် မည်သို့ဖြစ်မည်နည်း။ ကျွန်ုပ်တို့သည် ကျိုးပဲ့ကြေမွသူများအစုအဝေး ဖြစ်ကြောင်း အငြင်းပွားစရာ မရှိပါ။ ကောရိနသုအသင်းတော်သို့ ရှင်ပေါလု စာရေးခဲ့စဉ် ၎င်းတို့၏အသက်တာဟောင်းတွင် လူမှုရေး ခေါင်းပါးလျက် အချင်းချင်းကို တရားစွဲကာ ဒုက္ခပေးသည်။ မကောင်းမှုများကျူးလွန်ကာ ဒုစရိုက် သားကောင်၊ အန္တရာယ်ကောင်ဖြစ်လျက် မိမိကိုယ်နှင့် တစ်ပါးသူကို ဒုက္ခပေးသည် (၁ကော ၆း၉-၁၀)။ သို့သော် သခင်ယေရှုအားဖြင့် ၎င်းတို့သည် ပြုပြင်ခြင်း ခံရလျက် ပြောင်းလဲစုံလင်သူများ ဖြစ်လာသည်။ ထိုသို့ ကယ်တင်ခြင်း ခံရသူများအား ရှင်ပေါလုက အချင်းချင်းချစ်ပြီး စိတ်ရှည် ကြင်နာရန်၊ မနာလိုဝန်တိုလျက် မောက်မာစိတ် နှင့် ရိုင်းစိုင်းစွာ မဆက်ဆံကြရန် တိုက်တွန်းအားပေးခဲ့သည်(၁၃း၎-၇)။
ကျွန်ုပ်တို့အားလုံး မည်သည့်အခက်အခဲနှင့် ကျိုးပဲ့ခြင်းများ ရင်ဆိုင်နေရပါစေ အသင်းတော်သည် Ibasho ကဲ့သို့ ဘုရားရှင်၏မေတ္တာကို သိရှိခံစားနိုင်သောနေရာ ဖြစ်ရ မည်။ ခရစ်တော်၏သနားခြင်းကရုဏာကို သူ၏နောက်တော်လိုက်များထံမှ တစ်ဆင့် နာကျင်နေသောလောကကြီး ခံစားသိရှိနိုင်ပါစေသား။ POH FANG CHIA
ဖတ်ရန်: ၁ေကာ ၆း၉-၁၁၊ ၁၃း၄-၇ သမ္မာကျမ်းစာတစ်နှစ်စာ: □ ယေရမိ ၃၇-၃၉ □ ဟေဗြဲ ၃
အထက်က ... ထိုသို့သော သူဖြစ်ကြသော်လည်း၊ ယခုတွင် ယေရှုခရစ်၏ နာမတော်အားဖြင့် လည်းကောင်း၊ ငါတို့ ဘုရားသခင်၏နာမတော် အားဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ၀ိညာဉ်တော်အားဖြင့် လည်းကောင်း ဆေးကြော ကာ သန့်ရှင်း၍ ဖြောင့်မတ်ရာသို့ ရောက်ကြပြီ။ (း၁၁)
အပြစ်စွန်းထင်းနေသောစိတ်ဝိညာဉ်အား အပြောင်မြောက်ဆုံးကျေးဇူးတော်အဖြစ်သို့ ပြောင်းလဲပေးနိုင်သူမှာ ဘုရားရှင်တစ်ပါးတည်းသာဖြစ်သည်။
Our Daily Bread Topics:
odb