ကျွန်မနေထိုင်သော မက္ကဆီကိုမြို့ငယ်လေး၌ နံနက်တိုင်း “ ပေါင်မုန့််” ဟူသော ကြည်လင်ပြတ်သားသည့်အသံကို ကြားရသည်။ ဧရာမတောင်းကြီးထဲတွင် ပေါင်မုန့်အချို အငန် စသည်ဖြင့် ပေါင်မုန့်အမျိုးမျိုးကို စက်ဘီးပေါ်တင်ပြီး လည်ရောင်းနေခြင်းဖြစ်သည်။ ယခင်မြို့ကြီးပြကြီး၌ နေထိုင်ခဲ့စဉ်က ပေါင်မုန့်ဝယ်ရန် မုန့်တိုက်ကိုသွားရသည်။ ယခုတွင် အိမ်တံခါးဝအရောက် လတ်ဆတ်သောပေါင်မုန့်ကို ရရှိနိုင်၍ ကြည်နူး ၀မ်းမြောက်မိသည်။
ရုပ်ပိုင်းဆာလောင်မှုကို ဖြည့်ဆည်းပေးရန် ဟူသော အတွေးမှ ၀ိညာဉ်ဆာငတ်မှုကို ဖြည့်ဆည်းရန် ဟူသော အတွေးသို့ ပြောင်းလိုက်ရင်း “ ငါသည် ကောင်းကင်မှ ဆင်းသက်သော အသက်မုန့်ဖြစ်၏။ ဤမုန့်ကိုစားသောသူ မည်သည်ကား အစဉ်မပြတ် အသက်ရှင်လိမ့်မည်” ဆိုသည့် ရှင်ယေရှု၏နှုတ်တော်ထွက်စကားကို ဆင်ခြင်မိသည် (ယော ၆း၅၁)။
ဧ၀ံဂေလိတရားဆိုသည်မှာ အမှန်စင်စစ် သူတောင်းစားတစ်ဦးက ဘယ်မှာ ပေါင်မုန့်ရနိုင်သည်ကို အခြားသူတောင်းစားတစ်ဦးကို ပြောပြခြင်းဖြစ်သည်ဟု ဆိုကြ သည်။ ပြောစတမ်းဆိုလျှင် ကျွန်မတို့အများစုသည်လည်း ပြောစရာရှိပါသည်။ “ တစ်ချိန်က ကိုယ့်အပြစ်ကြောင့် ၀ိညာဉ်ရေး၌ ဆာလောင်ခဲ့တယ်၊ ငတ်မွတ်ခဲ့တယ်။ နောက်တော့ သတင်းကောင်းကို  ကြားခဲ့ရတယ်။ ဘယ်မှာပေါင်မုန့်ရနိုင်တယ်ဆိုတာ လူတစ်ယောက်က ပြောပြခဲ့တယ်။ သခင်ယေရှုဆီကပေါ့။ ဒီလိုနဲ့ ကျွန်တော် ကျွန်မရဲ့ အသက်တာပြောင်းလဲခဲ့တယ်” ဟု ပြောနိုင်သည်။
သူတစ်ပါးတို့အား ဤအသက်မုန့်ကို ညွှန်ပြပေးရန်မှာ ကျွန်ုပ်တို့၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဖြစ်သည်။ မိမိနေထိုင်ရာဝန်းကျင်၊ လုပ်ငန်းခွင်၊ ကျောင်း၊ အပန်းဖြေ အနားယူသည့်နေရာများတွင် ရှင်ယေရှုအကြောင်း ဝေမျှနိုင်ပါသည်။ အခန်းတွင်း ထိုင်စောင့်နေရသည့်အချိန်၊ ဘတ်(စ်)ကားပေါ်၊ မီးရထားပေါ်စသည့်တို့၌ သခင်ယေရှု အကြောင်းပြောပြနိုင်ပါသည်။ ခင်မင်ရင်းနှီးမှုတည်းဟူသော ပွင့်နေသောတံခါးမှ တစ်ဆင့်လည်း တစ်ပါးသူများထံ သတင်းကောင်း ဆောင်ကြဉ်းပေးနိုင်ပါသည်။
ရှင်ယေရှုသည် အသက်မုန့်ဖြစ်တော်မူ၏။ ဤကြီးမြတ်သောသတင်းအား လူတိုင်းကို ပြောကြားကြပါစို့။ KEILA OCHOA