မိမိဘာသာ ထင်ရှားနာမည်ကြီးခြင်း (သို့) နာမည်ကြီးသူများအကြောင်း အသေးအမွှားက အစ လိုက်လံစပ်စု စိတ်ဝင်စားခြင်း၊ နိုင်ငံတကာ ထင်ရှားကျော်ကြားသည့် စာအုပ်၊ ရုပ်ရှင်၊ ညဥ့်နက်သန်းခေါင်ချိန်၌ တင်ဆက်သည့် ဖျော်ဖြေပွဲများ၊ ဖေ့စ်ဘွတ်၊ တွစ်တာ စသည့် လူမှုကွန်ယက်၏ ပရိတ်သတ်များစွာ ရှိခြင်း စသည်ဖြင့် ကျော်ဇောမှုသဘောက လူများစွာကို လွှမ်းမိုးထားသည်။
မကြာမီက အမေရိကန်ပြည်ထောင်စု၌ သုတေသနပြု လေ့လာချက်တစ်ခုအရ အင်တာနက်မှတစ်ဆင့် နာမည်ကြီး ထင်ရှားသူများ၏ အမည်စာရင်းကို သေချာစွာစိစစ်ပြီး အစဉ်လိုက်စီချရာ၊ ကမ္ဘာ့သမိုင်းတစ်လျှောက် အထင်ရှားဆုံး ပုဂ္ဂိုလ်များစာရင်းတွင် သခင်ယေရှုက ထိပ်ဆုံး၌ ရှိနေသည်။
သို့ငြားလည်း ကျော်ဇောထင်ရှားရန်အရေးကို သခင်ယေရှု စိုးစင်းမျှ မတွေးခဲ့ပါ။ လောက၌ ကျင်လည် သက်ရှင်စဉ် ကျော်ဇောမှုကို သခင်မရှာခဲ့ပါ (မ ၉း၃၀၊ ယော ၆း၁၅)။ သို့သော် သခင့်အကြောင်းက ဂါလိလဲနယ် တစ်ခွင်လုံးတွင် လျင်မြန်စွာပျံ့နှံ့လျက် သတင်းမွှေးနေ တော့သည် (မာ ၁း၂၈၊ လု ၄း၃၇)။
သခင်ယေရှု သွားလေရာသို့ လူပရိသတ်ကြီး ၀ိုင်းအုံလာသည်။ ကိုယ်တော်ပြုသည့် အံ့ဩဖွယ်နိမိတ်လက္ခဏာများက လူထုကို ဆွဲဆောင်သည်။ သို့သော် လူထုက ကိုယ်တော့်အား ဘုရင်မြှောက်ရန် အတင်းအကြပ် လုပ်ဆောင်လာသောအခါ ကိုယ်တော်က အသာရှောင်ထွက်သွားသည် (ယေ ၆း၁၅)။ ခမည်းတော်၏ အကြံအစည်တော်အတိုင်း ညီညွတ်စွာ နာခံလျက် အဘဘုရားသခင်၏ အလိုတော်နှင့် အချိန်အတိုင်း လှုပ်ရှားသည် (၄း၃၄၊ ၈း၂၉၊ ၁၂း၂၃)။ ‘‘ထိုသို့ အသေခံခြင်း မဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုယ်ကိုယ် နှိမ့်ချတော်မူ၏’’ (ဖိ ၂း၈)။
အောင်မြင်ကျော်ဇောထင်ရှားရေးသည် ဘယ်သောအခါမှ သခင့်၏ပန်းတိုင် မဟုတ်ခဲ့ပါ။ သခင့်၏ပန်းတိုင်က ရိုးရိုးလေးဖြစ်သည်။ ဘုရားသားတော်အနေဖြင့် သခင်ဘုရားသည် နှိမ့်ချစွာဖြင့်နာခံလျက် ကျွန်ုပ်တို့၏အပြစ်အတွက် သူ့ကိုယ်ကို   စေတနာစိတ်ဖြင့်  ပူဇော်အနစ်နာခံပေးဆပ်ခဲ့ခြင်းဖြစ်သည်။ CINDY HESS KASPER