အီးမေးလ် စာတစ်စောင်ပို့လိုက်ပြီးကာမှ လူမှားပို့မိခြင်း၊ ပြင်းထန်သော မကောင်း မနှစ်မြို့ဖွယ် စကားလုံးများပါသွားခြင်းကို ချက်ခြင်းသတိပြုလိုက်ခြင်း စသည့်အဖြစ်မျိုး သင်ကြုံဖူးပါသလား။ ခလုတ်တချက်နှိပ်ပြီး စာဆက်မပို့အောင် လုပ်နိုင်လျှင်ကောင်းမည်။ ယခုတွင် ထိုသို့ပြုလုပ်နိုင်ပြီဖြစ်သည်။ ကုမ္ပဏီအတော်များများတွင် စာပို့လိုက်သော်လည်း ကွန်ပြူတာမှ အီးမေးလ်စာထွက်မသွားမီ ပြန်ဖျက်ပစ်လိုပါက ဖျက်ပစ်နိုင်အောင် အချိန်အနည်းငယ်စောင့်ပေးသည့် စနစ်ကို ကျင့်သုံးသည်။ ထိုအခါ အီးမေးလ်စာသည် မပြောခဲ့သည့် စကားတစ်ခွန်းပမာဖြစ်သွားသည်။  ” အဆင်ပြေ သွားတာပေါ့” ဟု မှတ်ယူခြင်းထက် မိမိပြောသောစကားကို သတိထားစောင့်ထိန်းရန် အလွန့်အလွန်အရေးကြီးကြောင်း မပို့ဖြစ်သောစာက သတိပေးချက်ဖြစ်သင့်သည်။
ရှင်ပေတရုဩ၀ါဒစာ ပထမစောင်တွင် ‘‘သင်တို့သည် … အချင်းချင်းရန်တုံ့မမူ၊ ပြန်၍ မကဲ့ရဲ့၊ မေတ္တာပို့ခြင်းကို ပြုကြလော့။ အသက်ကို မွေ့လျော်စေ၍ ကောင်းမွန်သောနေ့ရက်တို့ကို တွေ့မြင်ခြင်းငှာ အလိုရှိသောသူသည် မိမိလျှာကို မကောင်းသောအရာနှင့် ကင်းလွတ်စေ။ မိမိနှုတ်ခမ်း လည်း မုသားစကားကို မပြောစေနှင့်။ ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကိုပြုစေ။ သူတစ်ပါးနှင့် အသင့်အတင့်နေခြင်းကိုရှာ၍ မှီအောင်လိုက်စေ’’  (၁ ပေ ၉း၁၁) ဟု ရှင်ပေတရုက သခင်ယေရှု၏နောက်တော်လိုက်တို့အား မိန့်ကြားထားသည်။
ဆာလံဆရာ ဒါဝိဒ်ကလည်း ‘‘အိုထာဝရဘုရား၊ အကျွန်ုပ်၏နှုတ်ရှေ့မှာ ကင်းကို ထားတော်မူပါ။ အကျွန်ုပ်၏ နှုတ်ခမ်းတံခါးကို စောင့်တော်မူပါ’’ (ဆာ ၁၄၁း၃) ဟု ရေးသား ခဲ့သည်။ မည်သည့်အခြေအနေ၌မဆို နှုတ်ထွက်စကားနှင့် ပတ်သက်၍ ပြန်ရုတ်သိမ်းလိုသော အခါတွင်ဖြစ်စေ၊ နေ့သစ်တိုင်းကို အစပြုရာတွင်ဖြစ်စေ အထက်ပါအတိုင်း ဆုတောင်းသင့် ပေသည်။ DAVID MCCASLAND