ဆယ်ကျော်သက် မိန်းကလေးနှစ်ဦး၏ ဓာတ်ပုံတွင် ပထမ မိန်းကလေးက ကျန်းမာကြံ့ခိုင် ရွှင်လန်းစွာ ရှိနေပြီး၊ အခြားမိန်းကလေးမှာ မိမိဘာသာ ဘာမျှမလုပ်နိုင်မကိုင်နိုင်ဘဲ လွတ်လပ်ခြင်းအရသာကို မည်သည့်အခါမှမသိနိုင်သော ရောဂါသည်လေးဖြစ်သည်။ သူမ၏ ဘီးတပ်ကုလားထိုင်ပေါ်မှာနေရင်း သာမန်စိတ်ခံစားချက်အမျိုးမျိုး နာကျင်မှု အမျိုးမျိုး၊ ရုန်းကန်ရမှုအမျိုးမျိုးနှင့် ရင်ဆိုင်ခံစားနေရသည်။
သို့သော် သူတို့နှစ်ဦး အတူတွဲရှိနေသည့် အဖော် အဖက်ဖြစ်ခြင်း၏အရသာကို ခံစားရင်း နှစ်ဦးသားရွှင်လန်း ပြုံးရွှင်နေသည်။ တစ်ဦးက အခြားတစ်ဦးအတွင်းရှိသည့် အကျွမ်းဝင်မှု၊ မိတ်ဆွေအဖော်ဖြစ်ပေးခြင်း၏ ရသကို တွေ့မြင်
ခံစားနေသည့် လှပသော မိန်းကလေးနှစ်ဦး ဖြစ်ပါသည်။
နာတာရှည်ရောဂါ ခံစားရသူများ၊ ခန္ဓာမသန်စွမ်းသူများ၊ အကြောင်းအမျိုးမျိုးဖြင့် နှိမ့်ချအပယ်ခံရသူများစသည့်ဖြင့် ဘီးတပ်ကုလားထိုင်ပေါ်မှမိန်းကလေးကဲ့သို့ ဖြစ်နေ ခံစားနေရသည့် လူများအတွက် သခင်ယေရှုအချိန်ပေးသည်။ ၎င်းတို့ကို ဂရုပြုခဲ့သည်။ ထို့ပြင် ဘာသာရေးခေါင်းဆောင်များ နှာခေါင်းရှုံ့ပြစ်တင်စရာ ထိုသို့နှိမ့်ကျခံစားရသူ တစ်ဦးအား သူ့ကို ဆီဖြင့်လိမ်းကျံလောင်းချရန် အခွင့်ပေးခဲ့သည်။ ဝေဖန်ကဲ့ရဲ့သူတို့အား သခင်ယေရှုက ‘‘ထိုမိန်းမကို ရှိစေတော့။ အဘယ်ကြောင့် နှောင့်ယှက်ကြသနည်း။ သူသည် ငါ၌ ကောင်းသောအမှုကို ပြုပြီ’’ (မ ၁၄း၆) ဟု မိန့်တော်မူသည်။
လူတိုင်းကို ဘုရားသခင်က တန်းတူညီမျှ သဘောထားသည်။ သူ့အမြင်၌ မည်သည့် ခွဲခြား ခြားနားမှုမရှိပါ။ အမှန်စင်စစ် ခရစ်တော်၏မေတ္တာနှင့် ခွင့်လွှတ်ခြင်းကို ကျွန်ုပ်တို့အားလုံး မရှိမဖြစ်လိုအပ်ပါသည်။ သခင့်မေတ္တာတော်က သူ့အား ကျွန်ုပ်တို့ အတွက် လက်ဝါးကပ်တိုင်၌ မဖြစ်မနေ အသေခံစေခဲ့သည်။
အချင်းချင်းကို ဘုရား၏ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခံရသူ၊ သူ့မေတ္တာတော်နှင့် ထိုက်တန်သူအဖြစ် သခင်ယေရှုမြင်သကဲ့သို့ မြင်နိုင်ကြပါစေ။ ဘ၀၌ ကြုံဆုံရသူများကို ခရစ်တော်၏သဏ္ဌာန်တော်နှင့်အညီ  တန်းတူညီမျှစွာ ဆက်ဆံပြီး ကိုယ်တော်မြင်သကဲ့သို့ တင့်တယ်သော အလှတရားကို မြင်တတ်အောင် သင်ယူကြပါစို့။ DAVE BRANON