ပုံပြင်လေးတစ်ပုဒ်ရှိသည်။  ဘီစီ ၇၅ ၀န်းကျင်ခန့်က ဂျူးလီယက်ဆီဇာ ဆိုသည့် ရောမ သူကြွယ်လူငယ်တစ်ဦးကို ပင်လယ်ဓားပြများက ပြန်ပေးဆွဲပြီး ငွေညှစ်သည်။ ၎င်းတို့က ယခုခေတ်အရ ဒေါ်လာ ၆ သိန်းနှင့် ညီမျှသည့် ငွေအခွက် ၂၀ နှင့် ရွေးခိုင်းရာ ဆီဇာမှာ သဘောကျရယ်မောလျက် ‘‘ကျုပ်ဘယ်သူဆိုတာ မင်းတို့ တကယ်မသိဘဲကိုး။ ဒီမှာ မင်းတို့ ငွေအခွက် ၅၀ တောင်းစမ်းပါကွ’’ ဟု တိုက်တွန်းလိုက်သည်။ ဆီဇာသည် သူ့ကိုယ်သူ ငွေအခွက် ၂၀ ထက်မက တန်သည်ဟု ယုံကြည်မှတ်ယူခြင်းကြောင့်တည်း။
ဆီဇာ သူ့ကိုယ်သူ တန်ဖိုးဖြတ်သည့် ပမာဏနှင့် ကျွန်ုပ်တို့ တစ်ယောက်စီတိုင်းအပေါ် ဘုရားသခင် တန်ဖိုး သတ်မှတ်သည့်ပမာဏက ဆီနှင့်ရေပမာ ကွာခြားလှပါသည်။
ကျွန်ုပ်တို့၏တန်ဖိုးကို ယာယီမျှသာခံသော တန်ဖိုးဖြင့် ကိုယ်တော် မတိုင်းတာဘဲ ကျွန်ုပ်တို့ ကိုယ်စား ကောင်းကင်ဘုံ အရှင် အဘဘုရား ပြုပေးခဲ့သည့်အမှုဖြင့် တိုင်းတာသည်။
ကျွန်ုပ်တို့ကို ကယ်တင်ရန် ကိုယ်တော် ဘာကို ပေးဆပ်ခဲ့ရသနည်း။ ကျွန်ုပ်တို့ကို အပြစ်မှကယ်တင်ရန် သူ၏ တစ်ပါးတည်းသော သားတော်သည် ကားတိုင်တော်ထက် အသေခံခြင်းဖြင့် အဖိုးအခကို ပေးဆပ်ခဲ့ရသည်။ ‘‘… ရွှေငွေ ဥစ္စာ အစရှိသော ဖောက်ပြန်ပျက်စီးတတ်သော ဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည် မဟုတ်။ … ခရစ်တော်၏ အသွေးတော်မြတ်နှင့် ရွေးတော် မူသည်ကို သိမှတ်ကြလော့’’ (၁၈-၁၉)။
ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသော သားတော်ကို ကားတိုင်တော်ထက် အသေခံစေပြီး၊ သေခြင်းမှရှင်ပြန်ထမြောက်စေခြင်းဖြင့် ကျွန်ုပ်တို့ကို ရွေးနုတ်ကယ်တင် သည်အထိ ကျွန်ုပ်တို့ကို အလွန်ချစ်မြတ်နိုးသည်။ ကိုယ်တော့်အတွက် သင်၏တန်ဖိုးမှာ ထိုမျှလောက် ထိုက်တန်ပါသည်။ BILL CROWDER