ကျွန်တော့်စာကြည့်စားပွဲသည် အိမ်နီးချင်းများကို လှမ်းမြင်နေရသည့် ပြတင်းပေါက်နားတွင် ရှိသည်။ ထိုအပေါ်စီးမှမြင်ရသောမြင်ကွင်းမှ အနီးရှိငှက်ကလေးများ ဆင်းသက်နားနေ အိပ်တန်းတက်သည်ကို မြင်ခွင့်ရခဲ့သည်။ အချို့ငှက်များက လိုက်ကာကြား ညှပ်မိနေသော ပိုးကောင်များကိုစားရန် ပြတင်းပေါက်အနီးသို့ ရောက်လာကြသည်။
ငှက်များသည် ၎င်းတို့အနီးအနား ပတ်ဝန်းကျင်ကို အန္တရာယ်ရှိမရှိ လေ့လာရင်း စူးစူးစိုက်စိုက်နားထောင်တတ်ကြ သည်။ ၎င်းတို့အန္တရာယ်ကင်းသည်ဟု တစ်ထစ်ချယုံတော့မှ အကျအန အစာစားသည်။ သည့်တိုင် စားရင်းနှင့် စက္ကန့် အနည်းငယ်ကြာတိုင်း ပတ်ဝန်းကျင်ကို လေ့လာပြန်သည်။
သတိဝီရိယရှိသည့် ထိုငှက်လေးများသည် ခရစ်ယာန် များအတွက် သမ္မာသတိရှိရန် သမ္မာကျမ်းမှသွန်သင်ထားမှုကို သတိရစေပါသည်။ ဤကမ္ဘာလောကကြီးသည် စုံစမ်းခြင်းများနှင့် ပြည့်နှက်နေသောကြောင့် အန္တရာယ်ရှိကြောင်း မိမိကိုယ်ကို အဆက်မပြတ်သတိပေးလျက် နိုးကြားမှုရှိရန် လိုအပ်သည်။ အာဒံနှင့် ဧ၀ကဲ့သို့ “ စားဘွယ်ကောင်းခြင်း၊ အဆင်းလှခြင်း၊ ပညာတိုးပွားစေလိုသောငှာ နှစ်သက်ဘွယ်သောအပင်ဖြစ်ခြင်း” (ကမ္ဘာ ၃း၆) စသည်ဖြင့် လောကကြီး၏ ဆွဲဆောင်နေသောအရာများနှင့် အလွယ်တကူ ငြိတွယ်တတ်ကြသည်။
‘‘သင်တို့သည် သတိနှင့်စောင့်နေကြလော့။ ယုံကြည်ခြင်း၌ တည်ကြလော့’’ (၁ကော ၁၆း၁၃) ဟူ၍ ရှင်ပေါလုက သတိပေးဆုံးမသည်။ တစ်ဖန် ‘‘သမ္မာသတိရှိလျက် မအိပ်ဘဲ စောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည် ဟောက်သော ခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏’’ (၁ပေ ၅း၈) ဟူ၍လည်း ထပ်မံသတိပေးထားသည်။
ကိုယ်ပိုင်သမုဒ္ဒရာဝမ်းတစ်ထွာအတွက် လှုပ်ရှားရုန်းကန်နေရင်း ကျွန်မတို့ကို မည်သည့် အရာက လုံးပါးပါးစေသနည်းဆိုသည်ကို သတိချပ်မိပါသလား။ ‘‘ဘုရားရှင်ကိုပဲ ယုံကြည်ခဲ့ရင် အကောင်းသား’’ ဟု နောင်တရစရာဖြစ်စေမည့် ကိုယ့်ကိုယ်ကိုယ်စိတ်ချမှု၊ စိတ်သဘော ခိုင်မာခြင်းတို့ ဖြစ်ပေါ်လာသည့် အရိပ်အယောင်များကို ကျွန်မတို့ သတိရှိရှိ စောင့်ကြည့် နေပါသလား။ LAWRENCE DARMANI
ဖတ်ရန်: ကမာၻ ၃း၁-၇ သမ္မာကျမ်းစာတစ်နှစ်စာ: □ ယေရမိ ၂၇-၂၉ □ တိတု ၃
သင်တို့သည် သတိနှင့် စောင့်နေကြလော့။ ယုံကြည်ခြင်း၌ တည်ကြလော့။
(၁ကော ၁၆း၁၃)
အဘ၊ ကျွန်ုပ်တို့ အလွယ်တကူပင် ကျရှုံးသွားတတ်သည့် ၀ှက်ထားသောအပြစ်နှင့် တကိုယ်ကောင်းဆန်မှုများမှ ကင်းဝေးစေတော်မူပါ။ ကျေးဇူးတော်သက်သက်အားဖြင့် ထိုစုံစမ်းသွေးဆောင်မှုများကို ခရစ်တော်နှင့် သဏ္ဌာန်တူအောင် ကြီးထွားသောအရာအဖြစ် ပြောင်းလဲပေးတော်မူပါ။
စုံစမ်းသွေးဆောင်ခြင်းမှ လွတ်မြောက်နိုင်သော အကောင်းဆုံးနည်းလမ်းမှာ ဘုရားရှင်ထံသို့ ပြေးသွားခြင်းဖြစ်သည်။
Our Daily Bread Topics:
odb