ကျွန်ုပ်တို့အများစုသည် အစိုးရကောင်းကို မျှော်လင့်တတ်ကြသည်။ ကျွန်ုပ်တို့ မဲပေးကြ၊ အစေခံကြပြီး မိမိတို့ ယုံကြည်လက်ခံထားသည့် တရားမျှတခြင်း၊ တန်းတူညီမျှခြင်း အကြောင်းများကို ဖွင့်ဟပြောဆိုကြသည်။ သို့သော် နိုင်ငံရေးအရ ဖြေရှင်းမှုများသည် ကျွန်ုပ်တို့၏ နှလုံးသားအခြေအနေကို ပြောင်းလဲပစ်ရန်မစွမ်း၊ အင်အားမဲ့နေကြသည်။
များစွာသော သခင်ယေရှု၏နောက်တော်လိုက် များသည် ရောမတို့၏ ပြင်းထန်လှသောနိုင်ငံရေးအရ ကြိုးကိုင်ချယ်လှယ်မှုနှင့် လက်ဝါးကြီးအုပ်ဖိနှိပ်မှုများကို ကြီးမားစွာ တုံ့ပြန်ပြောင်းလဲပေးနိုင်မည့် မေရှိယကို မျှော်လင့် တောင့်တခဲ့ကြသည်။ ခရစ်တော်ကို ဖမ်းဆီးရန် ရောမ စစ်သားများ ရောက်လာသောအခါ ပေတရုသည် ဓားကို ယူကာ ယဇ်ပရောဟိတ်အကြီးအကဲ၏အစေခံနားရွက်ကို ခုတ်ဖြတ်ခဲ့သည်။
သခင်ယေရှုက ပေတရု၏တစ်ကိုယ်တော်တိုက်စစ်ကို ရပ်စေပြီး ‘‘ထားကို အိမ်၌ သွင်းထားလော့။ ခမည်းတော်သည် ငါ့အားပေးတော်မူသောခွက်ကို ငါမသောက်ရာ သလော” ဟု ပေတရုအား မိန့်တော်မူ၏’’ (ယော ၁၈း၁၁)။ အတန်ငယ်ကြာပြီးနောက် သခင် ယေရှုသည် ပိလတ်မင်းအား ‘‘ငါ၏နိုင်ငံသည် ဤလောကနှင့်မသက်ဆိုင်၊ အကယ်၍ ငါ၏ နိုင်ငံသည် ဤလောကနှင့်သက်ဆိုင်ပါမူ ငါသည် ယုဒအမျိုးသားတို့လက်သို့မရောက်ရ အောင် ငါ၏တပည့်တို့သည် တိုက်ခိုက်ကြလိမ့်မည်’’ (း၃၆-ခေတ်သုံး) ဟု မိန့်ဆိုခဲ့သည်။
သခင်၏အမှုတော်ကိုဆင်ခြင်လျက် အသေခံရဆဲဆဲအချိန်တွင် သည်းခံခဲ့သော သခင်၏စိတ်သဘောထားသည် ကျွန်ုပ်တို့အတွက် အံ့သြစရာဖြစ်သည်။ ရှေ့လာမည့် အနာဂတ်တွင် သခင်ဘုရားသည် ကောင်းကင်ဗိုလ်ခြေတပ်ကြီးကို စစ်ပွဲအတွင်းသို့ ဦးဆောင်သွားမည်ဖြစ်သည်။ ရှင်ယောဟန်က ‘‘ထိုသူသည် တရားသဖြင့် စီရင်တတ်၏။ တရားသဖြင့် စစ်တိုက်တတ်၏’’ ဟူ၍ ဗျာဒိတ် ၁၉း၁၁ တွင် ရေးသားခဲ့သည်။
ပင်ပန်းဆင်းရဲစွာ ချုပ်နှောင်ခံရခြင်း၊ တရားစီရင်ခံရခြင်း၊ ကားတင်သတ်ခံရခြင်း များကို သည်းခံနေရစဉ်တွင် သခင်ယေရှုသည် ခမည်းတော်၏အလိုတော်ကိုသာ ရှေးရှု ခဲ့သည်။ ကားတိုင်ပေါ်တွင် အသေခံရင်း စိတ်နှလုံးတွင် ပြောင်းလဲမှုအစစ်အမှန် ဖြစ်စေခဲ့သောအမှုကို ပြသပေးသွားသည်။ နောက်ဆုံးတွင် ကျွန်ုပ်တို့၏ တန်ခိုးကြီးသော ဘုရားရှင်သည် သေခြင်းကို အောင်မြင်ခဲ့သည်။
အိုအဘ၊ ကျွန်ုပ်သည် ပညာရှိစွာ အလိမ္မာနှင့် တုံ့ပြန်နိုင်ရေးထက် စိတ်လိုက်မာန်ပါ လုပ်ဆောင်တတ်ပါ၏။ ကျွန်ုပ်လျှောက်လှမ်းရမည့်လမ်းကို ရည်ရွယ်ချက်ရှိစွာ ရွေးချယ် နိုင်အောင် ကျွန်ုပ်အတွက်ထားရှိသော အလိုတော်ကိုဖော်ပြတော်မူပါ။ TIM GUSTAFSON
ဖတ်ရန်: ေယာ ၁၈း၁၀-၁၄၊ ၃၆-၃၇ သမ္မာကျမ်းစာတစ်နှစ်စာ: □ ယေ ၃၂-၃၃ □ ဟေဗြဲ ၁
ယခုမူကား ငါ၏နိုင်ငံသည် ဤဒေသအရပ်နှင့် မစပ်ဆိုင်ဟု မိန့်တော်မူ၏။ (း၃၆)
စစ်မှန်သော သည်းခံခြင်းသည် ပျော့ကွက်တစ်ခု မဟုတ်ပါ။
စစ်မှန်သောသည်းခံခြင်းမှ စစ်မှန်သောအား ပေါ်ထွက်လာသည်။
Our Daily Bread Topics:
odb