လန်ဒန်မြို့ရှိ ကျွန်မတို့အိမ်သို့ အလည်လာသောဧည့်သည်အား “ လျှော်ချင်တဲ့ အ၀တ်တွေများ ရှိသလား” ဟု မေးလိုက်ရာ၊ သူ့မျက်နှာဝင်းပသွားပြီး ဖြတ်လျှောက် လာသော သူ့သမီးအား “ အင်္ကျီအပေတွေသွားယူလာခဲ့၊ အေမီက အ၀တ်တွေ လျှော်ပေးမလို့တဲ့” ဟု ပြောလိုက်သည်။ ကျွန်မပြုံးလိုက်မိလျက် အ၀တ်အနည်းငယ်မှ အ၀တ်ထုပ်ကြီး ဖြစ်လာတော့မည်ဟု တွေးမိသည်။
အ၀တ်များကို အိမ်အပြင်၌ ထုတ်လှန်းစဉ် မနက်က ဖတ်ခဲ့သည့်ကျမ်းစာက အတွေးထဲဝင်ရောက်လာသည်။ ‘‘သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ်
ကြလော့’’ (ဖိ ၂း၃)။ ဖိလိပ္ပိမြို့သားတို့ထံ ရှင်ပေါလု ရေးသား သည့် သြ၀ါဒစာကို ကျွန်မဖတ်စဉ် ရှင်ပေါလုက အစေခံခြင်း၊ အခြားသူများနှင့် သင့်တင့်ညီညွတ်စွာ နေထိုင်ခြင်းအားဖြင့် ဘုရားရှင်၏ခေါ်တော်မူခြင်းနှင့် အထိုက်အလျောက် အကျိုး ရှိစွာ အသက်ရှင်ရန် အထူးတိုက်တွန်းနှိုးဆော်ထားသည်။ ညှဉ်းပမ်းနှိပ်စက်မှုများ ခံနေရလင့်ကစား ၎င်းတို့တစ်စိတ် တစ်သဘောတည်းရှိခြင်းကို ရှင်ပေါလု အလိုရှိသည်။ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်းရှိခြင်းမှ ပေါက်ဖွားလာ သည့် စိတ်မကွဲပြားဘဲ သဘောတညီတညွတ်တည်းရှိခြင်း သဘောကို အချင်းချင်းအား အစေခံခြင်းဖြင့် ဖော်ပြသင့်ပြီး၊ ၎င်းသည် ယုံကြည်ခြင်းအုတ်မြစ်ကို ခိုင်ခံ့မြဲမြံ စေနိုင်ကြောင်း ရှင်ပေါလု နားလည်ခဲ့သည်။
တကိုယ်ကောင်းဆန်သော မျှော်မှန်းချက်နှင့် မာန်မာနများမရှိဘဲ တစ်ပါးသူကို ချစ်ပါသည်ဟု ကျွန်မတို့ကြွေးကြော်ကောင်းကြွေးကြော်မည်။ သို့သော် လက်တွေ့ မေတ္တာမပြသရွေ့ စိတ်ရင်းအမှန် မပေါ်လွင်နိုင်ပါ။ ငြူစူရန်သွေးဆောင်ခြင်းခံရ သော်လည်း ခရစ်တော်နောက်တော်လိုက်သူတစ်ယောက်အနေဖြင့် သူငယ်ချင်းအပေါ် ထားသောမေတ္တာကို စိတ်သန့်သန့်ဖြင့် လက်တွေ့ကျင့်သုံးရန် စေစားခံရကြောင်း ကျွန်မ သိသည်။
ဘုရားဘုန်းတော်ထင်ရှားစေရေး မိသားစု၊ သူငယ်ချင်းနှင့် အိမ်နီးချင်းများအား အစေခံနိုင်မည့် နည်းလမ်းများကို ကျွန်မတို့ရှာဖွေတွေ့နိုင်စေသား။ AMY BOUCHER PYE
ဖတ်ရန်: ဖိလိပၸိ ၁း၂၇-၂း၄ သမ္မာကျမ်းစာတစ်နှစ်စာ: □ ယေရမိ ၃၄-၃၆ □ ဟေဗြဲ ၂
ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်စော ကိတ္တိကို တပ်မက်သော စိတ်ရှိ၍ အဘယ်အမှုကိုမျှ မပြုကြနှင့်။သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကို တစ်ယောက် ထင်မှတ် ကြလော့။ (ဖိ ၂း၃)
လုကာ ၂၂း၂၂-၂၇ ကိုဖတ်၍ အစေခံယေရှု၏အသက်တာနှင့် မိမိအသက်တာကို ဆင်ခြင်ပြီး ‘‘ငါသည် သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ဖြစ်၏’’ ဟူသော စကားကို ဆင်ခြင်ပါ။
စည်းလုံးညီညွတ်ခြင်းသည် အချင်းချင်းကို အစေခံခြင်း၏ရလဒ်ဖြစ်သည်။
Our Daily Bread Topics:
odb