ဒေသခံဘုရားကျောင်းမှ စေတနာ့ဝန်ထမ်းများသည် အေးချမ်းသောညနေခင်းတစ်ခုတွင် ၀င်ငွေနည်းပါးသူများ၏အိမ်သို့သွားပြီး အစာအာဟာရများ ဝေငှပေးကမ်းခဲ့ကြသည်။ အစားအသောက်များ ရရှိသောအမျိုးသမီးတစ်ဦးသည် အလွန်ဝမ်းမြောက်လျက် ဘာစားစရာမှ မရှိသည့် ကြောင်အိမ်ကိုပြပြီး သူတို့သည် သူမဆုတောင်းချက်၏အဖြေပင် ဖြစ်ကြောင်း ပြောခဲ့သည်။
စေတနာ့ဝန်ထမ်းများ ဘုရားကျောင်းပြန်ရောက်လာ ကြသောအခါ အမျိုးသမီးတစ်ဦးမှာ ငိုချင်းချပါတော့သည်။ သူမက “ အဲ့ဒီအမျိုးသမီးကြီးက ကျွန်မကလေးအရွယ်တုန်းက ကျွန်မရဲ့ ဆန်းဒေးစကူးလ်ဆရာမပါ။ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းမှာ တွေ့နေတာပဲ။ သူ အခုလိုငတ်မွတ်နေမယ် ဆိုတာ တကယ်မသိခဲ့ဘူး” ဟု ပြောပြသည်။
ဂလာတိ ၆း၂ မှာ ရှင်ပေါလု နှိုးဆော်သည့်အတိုင်း ဤ လူများသည် အချင်းချင်းထမ်းရွက်စရာဝန်များကို ကူညီရန် နည်းလမ်းရှာဖွေသူများဖြစ်ကြောင်း ရှင်းလင်းစွာတွေ့ရသည်။ သို့သော် တနင်္ဂနွေ နေ့တိုင်း သူတို့တွေ့နေရသူ၊ မိမိလိုအပ်မှုကို မဖွင့်ဟခဲ့သည့် အမျိုးသမီးတစ်ယောက်ကိုဖြင့် သူတို့ သတိမမူမိခဲ့ကြပါ။ ကျွန်ုပ်တို့အနီးရှိလူများနှင့် ၎င်းတို့၏လိုအပ်ချက်များကို သတိပြုမိ စေရန် အထက်ပါအဖြစ်က သိမ်မွေ့ဖြည်းညှင်းစွာ နှိုးဆော်လျက်၊ ရှင်ပေါလုတိုက်တွန်း သကဲ့သို့ “ ထို့ကြောင့် ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏ အိမ်သူ အိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြ” ရမည်ဖြစ်သည်(၆း၁၀)။
ခရစ်တော်ခန္ဓာကိုယ်ရှိ မည်သူတစ်ဦးတစ်ယောက်မျှ အကူအညီမဲ့မဖြစ်အောင်၊ အတူတကွ ၀တ်ပြုကိုးကွယ်နေသူများက ဖေးမထောက်ပံ့ရန် အခွင့်အရေးရရှိ ကြသည်။ ဤသို့ဖြင့် ကျွန်ုပ်တို့တစ်ယောက်အကြောင်း တစ်ယောက်သိလာပြီး ဖေးမလာသည်နှင့် အမျှ “ တကယ်မသိလိုက်တာ” ဟူသည့်စကားကို ကျွန်ုပ်တို့ပြောရန် မလိုတော့ပါ။ DAVE BRANON
ဖတ်ရန်: ဂလာတိ ၆း၂-၁၀ သမ္မာကျမ်းစာတစ်နှစ်စာ: □ ယေရမိ ၄၃-၄၅ □ ဟေဗြဲ ၅
ထမ်းရွက်စရာဝန်ချင်း တို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကို ကျင့်ကြလော့။ (း၂)
အိုအဘ၊ မိမိပတ်ဝန်းကျင်ရှိ အကူအညီ မစမှု လိုအပ်သူတို့အား သတိပြုမိရန် ကူမတော်မူပါ။ သခင်ယေရှု၏ နာမတော်၌ ၎င်းတို့၏ လိုအပ်မှုကို ကူညီမှုပြုနိုင်ရန်၊ မိမိတတ်နိုင်သလောက်မစနိုင်ရန် ကူမတော်မူပါ။
ဂရုမပြုမိခြင်းကြောင့် ပေးရသည့်အဖိုးအခကြီးမားသည်။
ဂရုပြုခြင်းလောက် အဖိုးအခပေးရသည့်အမှုမရှိ။
Our Daily Bread Topics:
odb