သြစတြေးလျနိုင်ငံ၊ ပါ့သ်မြို့၌ နီကောလပ်(စ်) တေလာ တစ်ယောက် မီးရထားပေါ်လှမ်း တက်လိုက်စဉ် လူသွားစင်္ကြံနှင့် မီးရထားကိုယ်ထည်ကြား လွတ်နေသောနေရာလေး၌ ခြေထောက်ညှပ်သွားသည်။ လုံခြုံရေးအရာရှိများက သူလွတ်သွားအောင် မစွမ်းဆောင် နိုင်၊ သို့နှင့် အခြားခရီးသည် အယောက် ၅၀ ခန့်ကို တန်းစီစေပြီး တစ် နှစ် သုံး ရေကာ မီးရထားကို ပြိုင်တူတွန်းပေးရန် အကူအညီတောင်းခဲ့သည်။ ထိုသို့ တညီတညွတ်တည်းတွန်းလိုက်ရာ တေလာ၏ ခြေထောက် ဆွဲထုတ်နိုင်ခဲ့တော့သည်။
ကနဦးအသင်းတော်များသို့ ရေးသားပေးပို့သော စာများ၌ တမန်တော်ရှင်ပေါလုက ခရစ်ယာန်တို့ အတူတကွ လုပ်ဆောင်မှု၏ တန်ခိုးအစွမ်းကို အသိမှတ်ပြုခဲ့သည်။ ခရစ်တော်သည် သူတို့ကိုလက်ခံသည်နည်းတူ အချင်းချင်းကို
လက်ခံကြရန် ရောမမြို့ရှိ ယုံကြည်သူများကို ရှင်ပေါလု တိုက်တွန်းခဲ့သည်။ “ သင်တို့သည် ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော် … ဘုရားသခင်ကို တညီတညွတ်တည်း နှုတ်မြွက်၍ ချီးမွမ်းစေခြင်းငှာ ယေရှုခရစ်၏ အလိုတော် အတိုင်း အချင်းချင်းစိတ်တညီတညွတ်တည်း ရှိကြမည် အကြောင်း … ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော” (ရော ၁၅း၅-၆) ဟု ပြောကြားခဲ့သည်။
အခြားသော ယုံကြည်သူများနှင့် စည်းလုံးညီညွတ်ခြင်းက ဘုရား၏ကြီးမြတ် ခြင်းကို ကြေညာပေးနိုင်သည့်အပြင် ညှဉ်းပန်းနှိပ်စက်မှုတို့ကို ကြံ့ကြံ့ခံနိုင်ရန်လည်း   မစသည်။ ဖိလိပ္ပိသားတို့သည် သူတို့၏ယုံကြည်မှုအတွက် အဖိုးအခပေးဆပ်ရတော့ မည်ကို သိရှိနေသောကြောင့် ရှင်ပေါလုက သူတို့အား “ တစ်ပါးတည်းသော စိတ်ဝိညာဉ်၌ တည်၍ ဧ၀ံဂေလိတရားနှင့်ဆိုင်သော ယုံကြည်ခြင်းအဘို့ အလိုငှာ တညီတညွတ်တည်း ကြိုးစားအားထုတ်ကြရန်၊… ရန်သူများကြောင့် အလျှင်းမကြောက်ရွံ့မတုန်လှုပ်ရန်”   အားပေးခဲ့သည် (ဖိ ၁း၂၇-၂၈)။
စာတန်က ကျွန်ုပ်တို့ကို စိတ်ဝမ်းကွဲပြားစေပြီး ကျွန်ုပ်တို့ကို အနိုင်ယူလိုသည်။ သို့သော် ဘုရား၏မစမှုဖြင့် ကျွန်ုပ်တို့သည် “ အသင့်အတင့်ပေါင်းဖော်လျက် … အချင်းချင်း စိတ်သဘောမခြားမနား၊ တစ်လုံးတစ်ဝတည်း ဖြစ်အံ့သောငှာ ကြိုးစားအားထုတ်” သော်   စာတန်၏အားထုတ်မှု ကျရှုံးလေပြီ (ဧ ၄း၃)။ JENNIFER BENSON SCHULDT