၁၉၀၀ပြည့်နှစ် တရုတ်ပြည် Boxer တော်လှန်ရေးကာလအတွင်း သာသနာပြုများ သည် T’ai Yüan Fu ရှိ ဂေဟာ၌ ပိတ်မိနေခဲ့သည်။ သူတို့ကိုသတ်ဖြတ်ရန် အော်ဟစ်ကြွေးကြော်နေသည့် လူအုပ်အတွင်းဖြတ်ပြေးခြင်းသာ အသက်ရှင်နိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ သို့နှင့် ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်အကူအညီဖြင့် အန္တရာယ်မှ သူတို့လွတ်မြောက်ခဲ့သည်။ သို့သော် ဒဏ်ရာရကျောင်းသူ   နှစ်ဦးမှာ မလွတ်မြောက်နိုင်ကြောင်း Edith Coombs  သတိပြုမိလိုက်ပြီး အန္တရာယ် စက်ကွင်းထဲ ပြန်ဝင်ခဲ့သည်။ ကျောင်းသူတစ်ဦးကို ကယ်နိုင်ခဲ့သော်လည်း ကျန်တစ်ဦးကို ကယ်ရန်အသွား ခလုတ်တိုက်လဲပြီး ထိုနေရာတွင်ပင် အသတ်ခံလိုက်ရသည်။
ထိုအတောအတွင်း Hsin Chou နယ်ရှိ သာသနာပြု များမှာမူ သူတို့၏တရုတ်လူမျိုးမိတ်ဆွေ Ho Tsuen Kwei ၏ အဖော်ပြုမှုဖြင့် လွတ်မြောက်သွားကြပြီး တောနယ်လေး၌ ပုန်းအောင်းနေရသည်။ သို့သော် Ho Tsuen Kwei သည် သာသနာပြုမိတ်ဆွေများ၏ လွတ်မြောက်ရာလမ်းကြောင်းကို ရှာဖွေကင်းထောက်စဉ် အဖမ်းခံလိုက်ရပြီး မိတ်ဆွေများပုန်းအောင်းသည့်နေရာကို မပြောပြသည့်အတွက် ညှဉ်းဆဲသတ်ဖြတ်ခံခဲ့ရသည်။
Edith Coombs နှင့် Tsuen Kwei တို့၏ဘ၀တွင် ယဉ်ကျေးမှု (သို့) လူမျိုးရေး စိတ်ဓာတ်တို့ထက် သာလွန်မြင့်မားသော ချစ်ခြင်းတရားကို တွေ့ရသည်။ ကျွန်ုပ်တို့ ကယ်တင်ရှင်၏ ကျေးဇူးတရားနှင့် ချစ်ခြင်းမေတ္တာကြီးမားလှကြောင်းကို ၎င်းတို့ နှစ်ဦး၏ စွန့်လွှတ်အနစ်နာခံမှုက သတိပေးအမှတ်ရစေသည်။
သူ့အားဖမ်းဆီးလာမည့်အချိန်၊ နောက်ဆက်တွဲခံစားရမည့် ညှဉ်းဆဲသတ်ဖြတ်မှု တို့ကို စောင့်ဆိုင်းနေစဉ် ယေရှုရှင်သည် “ အိုအဘ၊ အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်မှလွှဲတော်မူပါ” ဟု အားသွန်ခွန်စိုက် ဆုတောင်းခဲ့သည်။ “ သို့သော် အကျွန်ုပ် အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည့်အတိုင်း ဖြစ်ပါစေ” ဟု (လု၂၂း၄၂) ရဲရင့်ခြင်းအပြည့်၊ ချစ်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်းအပြည့်ဖြင့် သန္နိဋ္ဌာန် ချကာ သူ၏အသနားခံမှုကို အဆုံးသတ်ခဲ့သည်။ သခင်၏အသေခံခြင်းနှင့် ရှင်ပြန် ထမြောက်ခြင်းက ကျွန်ုပ်တို့အတွက် ထာဝရအသက်ရရှိစေခဲ့သည်။ RANDY KILGORE