တနင်္ဂနွေညနေခင်းအချိန်တွင် ကျွန်မခင်ပွန်းသင်းအုပ်ဆရာအဖြစ် အစေခံသော အသင်းတော်အနီးရှိ ကျွန်မတို့အိမ်ပန်းခြံထဲ၌ ထိုင်နေရင်း Farsi ဘာသာစကားဖြင့် သီဆိုချီးမွမ်းကိုးကွယ်ခြင်း သီချင်းသံမှာ လေနှင့်အတူလွင့်မျောလာသည်။ လန်ဒန်မြို့ရှိ ကျွန်မတို့၏အသင်းတော်၌ တက်ကြွသော အီရန်လူမျိုး တပည့်တော်စုအား ဧည့်အသင်းတော်အဖြစ် လက်ခံဝတ်ပြုစေခဲ့ပြီး၊ သူတို့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့် အကြောင်းများ၊ သူတို့သင်းအုပ် ဆရာကြီး၏ညီမှာ ယုံကြည်ခြင်းအတွက် အသက်ပေးခဲ့ ရသည့် အကြောင်းများ ဝေငှ ပြောပြ သည်။ ခရစ်တော် အတွက် သူတို့၏စိတ်အားထက်သန်မှုကို ကျွန်မတို့စိတ်၌ အလွန်    ထိတွေ့ခဲ့သည်။ ဤသစ္စာရှိသော ယုံကြည်သူများသည် ပထမဦးဆုံးသော ခရစ်ယာန်မာတုရဖြစ်သည့် သတေဖန်၏ ခြေရာအတိုင်း လိုက်လျှောက်ခြင်းဖြစ်သည်။
ကနဦးအသင်းတော်၌ ဦးဆောင်သူအဖြစ် ဦးဆုံး ခန့်အပ်ခံရသည့် သတေဖန်သည် ‘‘ကြီးစွာသော နိမိတ် လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို’’ (တ ၆း၈) ပြုလုပ်သည့် အတွက် ယေရုရှလင်မြို့၌လူများ၏အာရုံစိုက်မှုကို ခံရသည်။ သူ၏လုပ်ရပ်အတွက် ခုခံပြောဆိုရန် သူ့ကို ယုဒလူအရာရှိများ၏ရှေ့သို့ ခေါ်သွားကြသည်။ စွပ်စွဲပြစ်တင် သူများ၏စိတ်နှလုံး မာကျောမှုကို မဖော်ပြမီ သူ၏ယုံကြည်ခြင်းအကြောင်း လှိုက်လှိုက် လှဲလှဲ ခုခံကာကွယ်ပြောဆိုခဲ့သည်။ နောင်တရကြရမည့်အစား ထိုသူတို့သည် ဒေါသ ထွက်ကာ‘‘သတေဖန်၌ အံသွားခဲကြိတ်ခြင်းကို ပြုကြလေ၏’’ (၇း၅၄)။ သူတို့အတွက် ခွင့်လွှတ်မှုကို ဆုတောင်းလျှောက်ပေးနေချိန်၌ပင် သူ့ကို မြို့ပြင်သို့ ဆွဲထုတ်သွားပြီး ကျောက်ခဲနှင့်ပစ်သတ်ခဲ့ကြသည်။
ခရစ်တော်၏ သတင်းစကားကြောင့် လူမဆန်သောလုပ်ရပ်များကို ရင်ဆိုင်ခံရနိုင် ကြောင်းကို သတေဖန်နှင့် ခေတ်သစ်မာတုရအာဇာနည်များအကြောင်းက ကျွန်ုပ်တို့ကို သတိပေး ပြောကြားနေသည်။ ယုံကြည်ခြင်းအတွက် ညှဉ်းပန်းနှိပ်စက် မခံရဖူးသေးပါက ကမ္ဘာအနှံ့ရှိ နှိပ်စက်ညှဉ်းပန်းခံရသည့် အသင်းတော်များအတွက် ဆုတောင်းပေး ကြပါစို့။ ကျွန်ုပ်တို့စစ်ဆေးခံရပါကလည်း ကျွန်ုပ်တို့အတွက် လွန်စွာနာကျင် ခံစားပေးခဲ့သူတစ်ဦး အတွက် သစ္စာတည်မြဲနေရန် ကျေးဇူးတရားကို ရှာဖွေကြပါစို့။   AMY BOUCHER PYE