ကျွန်တော့်အသိလူငယ်တစ်ယောက်သည် ဘုရားထံမှ နိမိတ်လက္ခဏာ တောင်းခံသော  အကျင့်တစ်ခုရှိသည်။ မှားသည်ဟု မပြောလိုငြားလည်း သူ့ဆုတောင်းချက်က သူ့ စိတ်ခံစားချက်ကို အတည်ပြုရန် ရှာကြံခြင်းဖြစ်သည်။ ဥပမာ – သူက “ ဘုရားရှင်၊ က ကို လုပ်စေချင်ရင် ခ ကို ဖြစ်စေပါ။ ဒါမှ အဆင်ပြေမယ်ဆိုတာ  ရှင်းရှင်းသိမယ်” ဟု ဆုတောင်းသည်။
၎င်းသည် ဝေခွဲရခက်ပြီး အကျပ်ရိုက်စေပါသည်။ သူဆုတောင်းပုံနှင့် သူတွေးထားသည့် ဘုရားရှင် အဖြေပေး ရမည့် ပုံစံအရ သူ့ရည်းစားဟောင်းနှင့် ပြန်တွဲရမည်ဟု သူခံစားရသည်။ သို့သော် တစ်ဘက်မိန်းကလေးက   သူ့နည်းတူ မခံစားရဘဲ၊ ဘုရားရှင် အလိုမရှိဟု အခိုင်အမာ ခံစားရသည်မှာ မဆန်းပါ။
သခင်ယေရှုခေတ်အခါက ဘာသာရေးခေါင်းဆောင် များက ကိုယ်တော်ကို စုံစမ်းနှောင့်ယှက်ခြင်းငှာ နိမိတ်လက္ခဏာကို တောင်းခံကြသည် (မ ၁၆း၁)။ ဘုရား၏လမ်းပြမှုကို မရှာဘဲ ဘုရားတန်ခိုးတော်ကို စမ်းသည်၊ စိန်ခေါ် ကြသည်။ သခင်ယေရှုက “ ဆိုးညစ်၍ မျောက်မထားသောအမျိုးသည် နိမိတ် လက္ခဏာကို တောင်းသည်” (း၎) ဟူ၍ တုံ့ပြန်ခဲ့သည်။ သခင်ဘုရား၏ ခိုင်မာ ပြတ်သားသည့်တုံ့ပြန်မှုက မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဘုရား၏လမ်းပြမှုကို ရှာဖွေ မတောင်းခံအောင်   တားမြစ်လိုက်ခြင်း မဟုတ်ပါ။ စင်စစ် နှုတ်ကပတ်တော်၌ သူသည် မေရှိယဖြစ်ကြောင်း ဖော်ပြထားသည့် ရှင်းလင်းသောနိမိတ်ကြိုတင်ဟောပြော ချက်များကို ၎င်းတို့ငြင်းပယ်နေခြင်းကြောင့် သခင်ကပြစ်တင်ပြောဆိုနေခြင်းဖြစ်သည်။
ဘုရားရှင်သည် ဆုတောင်းခြင်းဖြင့် သူ၏လမ်းပြ ပို့ဆောင်မှုကို ကျွန်ုပ်တို့ ရှာရန် အလိုရှိသည် (ယာ၁း၅)။ ၀ိညာဉ်တော်၏လမ်းပြမှုကိုလည်း ကိုယ်တော်ပေးထားသည်။ ပဲ့ကိုင်ရှင်နှင့် အမြော်အမြင်ရှိသည့် ခေါင်းဆောင်များကိုလည်း ပေးသနားသည်။ ထို့ပြင် သခင်ယေရှုကိုယ်တိုင်၏ စံနမူနာကိုလည်း ပေးခဲ့ပါသေးသည်။
ရှင်းလင်းပြတ်သားသည့် လမ်းပြမှုကို ဘုရားရှင်ထံတောင်းခံခြင်းသည် အမြော်အမြင် ရှိပါသော်လည်း မိမိမြော်လင့်သလို မိမိလိုချင်သည့်ပုံစံအတိုင်း ကိုယ်တော် အမြဲတမ်းဖော်ပြမည် မဟုတ်ပါ။ သို့သော်ငြား ဆုတောင်းခြင်း၏အဓိက အချက်မှာ ဘုရားသခင်၏သဘောတော်ကို ပို၍နားလည်လာရပြီး အဘဘုရားနှင့် မိတ်သဟာယ ဆက်ဆံရေးကို တိုးတက်စေရန်ဖြစ်သည်။ TIM GUSTAFSON