အာကာသယာဉ်မှူး Charles Frank Bolden Jr. က ‘‘ကျွန်တော်အာကာသထဲ ပထမဦးဆုံးအကြိမ် ရောက်သွားချိန်မှာ ကမ္ဘာမြေကြီးကို ကြည့်တဲ့အမြင်တွေဟာ ချက်ခြင်းပြောင်းလဲသွားတယ်’’ ဟုပြောပါသည်။ ကမ္ဘာမြေကြီး၏အထက် မိုင် ၄၀၀ အပေါ်စီးမှ ကြည့်ရခြင်းသည် သူ့အတွက် အရာအားလုံးသည် ငြိမ်သက်ခြင်း အတိရှိပြီး လှပလွန်းသည်။ အရှေ့အလယ်ပိုင်းဒေသကို ဖြတ်သန်း သွားသောအခါ Bolden သည် ထိုဒေသ၌ ပဋိပက္ခများ အဆက်မပြတ် ဖြစ်ပွားနေကြောင်း တွေးမိပြီး လှုပ်နှိုးခံရ
သကဲ့သို့ အသိတရားဝင်လာကာ တုန်လှုပ်သွားခဲ့ရသည်။ ရုပ်ရှင်ထုတ်လုပ်သူ Jared Leto နှင့် အင်တာဗျူးလုပ်နေ စဉ်အတွင်း Bolden က ထိုခဏတာ အချိန်လေး အကြောင်း ပြောပြရင်း ကမ္ဘာကြီးက မည်သို့ဖြစ်သင့်သည်ကို သူသိမြင် နားလည်လာကြောင်း၊ ကမ္ဘာကြီးကို ပိုပြီးကောင်းမွန် လာအောင်  သူတတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ရန် စိန်ခေါ်မှုကြီးကို ရရှိခဲ့သည်။
သခင်ယေရှု ဗက်လင်မြို့တွင် မွေးဖွားခဲ့စဉ်က ကမ္ဘာမြေကြီးသည် ဘုရားသခင် ရည်ရွယ်ထားသလို ဖြစ်မနေပါ။ ကိုယ်ကျင့်တရားနှင့် ၀ိညာဉ်ရေးရာတွင် အမှောင်ကျနေသော ကမ္ဘာကြီးသို့ သခင်ယေရှုက လူသားများ အတွက် အသက်နှင့် အလင်းကို ဆောင်ကြဉ်းပေးခဲ့သည် (ယော ၁း၎)။ လောကကြီးက သူ့ကို အသိအမှတ် မပြုသော်လည်း ‘‘ထိုသူကို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား ဘုရားသခင်၏သား ဖြစ်ရသောအခွင့်ကို ပေးတော်မူ၏’’(း၁၂)။
မိသားစုပြိုကွဲရခြင်း၊ ကလေးသူငယ်များ ငတ်မွတ်နေရခြင်း၊ စစ်မက်ဖြစ်ပွား နေခြင်း စသည်ဖြင့် ဘ၀၌ ကိုယ်ထင်ထားသလို ဖြစ်မလာသည့်အခါ ကျွန်ုပ်တို့ အလွန် ၀မ်းနည်းရသည်။ သို့သော် ဘုရားရှင်သည် ခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် မည်သူမဆိုသည် လမ်းအသစ်ကို ပြောင်းလဲအစပြုနိုင်မည့်အကြောင်း ကတိပေးထား ပါသည်။
ခရစ်စမတ်ရာသီသည် ကယ်တင်ရှင်ယေရှုကိုလက်ခံပြီး သူ့နောက်တော် လိုက်မည့်သူများအား သခင်သည် အသက်နှင့်အလင်းကို လက်ဆောင်ပေးကြောင်း ကျွန်ုပ်တို့ကို ပြန်အမှတ်ရစေပါသည်။ DAVID MCCASLAND