၁၉၅၀ ခုနှစ်တွင် ကိုရီးယား စစ်ပွဲဖြစ်ပွားသောအခါ ၁၅ နှစ်သားလေး ကင်ချင်ကျန်သည် တိုင်းပြည်ကို ကာကွယ်ရန် တောင်ကိုရီးယားတပ်မတော်သို့ ၀င်ရောက်ခဲ့သည်။ သို့သော်လည်း စစ်ပွဲ၏အနိဌာရုံများကို သူခံနိုင်ရည်မရှိကြောင်း မကြာမီ သိလိုက်ရ သည်။ သူ့ပတ်လည်၌ သေဆုံးသွားသည့် ငယ်ရွယ်သော သူငယ်ချင်းများကို ကြည့်လျက် အသက်ဆက်ရှင်ခွင့်ပေးပါက ရန်သူကို ချစ်ပါမည်ဟု ဘုရားသခင်အား ဆုတောင်းကတိပြုခဲ့သည်။
နှစ်ပေါင်း ၆၅ နှစ်ကြာပြီးနောက်တွင် အဖြေရခဲ့သော
ထိုဆုတောင်းချက်ကို ဒေါက်တာကင် ပြန်ပြောင်း ဆင်ခြင် မိသည်။ မိဘမဲ့ကလေးများကို ပြုစုစောင့်ရှောက်ခြင်းနှင့် မြောက်ကိုးရီးယားနှင့် တရုတ်လူငယ်များ၏ပညာရေး အတွက် ဆယ်စုနှစ်တစ်လျှောက်လုံး ကူညီပေးခြင်းဖြင့် တစ်ချိန်က ရန်သူဟု သူသတ်မှတ်ထားသူများကြားတွင် မိတ်ဆွေ မြောက်မြားစွာ ရရှိနေပြီဖြစ်သည်။ ယနေ့တွင် သူသည် နိုင်ငံရေးရန်လိုမှုများ ရှောင်ရှားပြီး သူ့ကိုယ်သူ  သခင်ယေရှု၌ ယုံကြည်ခြင်းကို ဖော်ပြသည့် အချစ်ဝါဒီသမားဟု အမည်ပေးထားသည်။
ပရောဖက်ယောနကလည်း အခြားသင်ခန်းစာတစ်ခုပေးသည်။ ငါးကြီး၏ ၀မ်းဗိုက်ထဲမှ ထူးဆန်းစွာ ကယ်တင်ခြင်းခံရသော်လည်း ယောန၏နှလုံးသား မပြောင်းလဲ ခဲ့ပါ။ သို့သော် နောက်ဆုံးတွင် ဘုရားသခင်ကို သူနာခံခဲ့သော်လည်း သူ့ရန်သူများ အပေါ် ဘုရားသခင် ကြင်နာခွင့်လွှတ်ခြင်းကို မြင်ရသည်ထက် သေလိုက်ခြင်းက သာ၍ကောင်းမည်ဟု ပြောခဲ့သည် (ယောန ၄း၁-၂၊၈)။
နိနဝေမြို့သားတို့ကို ဂရုပြုရန် ယောနသင်ခန်းစာရခဲ့ပါသလားဟု စဉ်းစားစရာ ဖြစ်ရသော်လည်း  ကျွန်ုပ်တို့  မိမိကိုယ်ကို ပြန်လည်သုံးသပ်ရမည်။ ကျွန်ုပ်တို့ ကြောက်ရွံ့သော၊ မုန်းသော သူများကို ယောနကဲ့သို့ သဘောထားမည်လား (သို့) ဘုရားသခင် ကျွန်ုပ်တို့အား သနားကြင်နာသကဲ့သို့ ကျွန်ုပ်တို့ ရန်သူများအား ချစ်နိုင်ရန် ကိုယ်တော်ထံမှ ခွန်အားတောင်းမည်လား။ MART DEHAAN