ဆရာတော် မာတင် နီးမောလယ်သည် ဟစ်တလာကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်သည့်အတွက် နာဇီအကျဉ်းစခန်း၌ ရှစ်နှစ်နီးပါး အကျဉ်းကျခဲ့သည့် ထင်ရှားသည့် ဂျာမန်သင်းအုပ်ဆရာတစ်ပါး ဖြစ်သည်။ ၁၉၄၄ ခုနှစ် ခရစ်စမတ် အကြိုညတွင် ဆရာ နီးမောလယ် က သူနှင့်အတူ  ဒါခရောင် ထောင်၌ အကျဉ်းကျသူများကို မျှော်လင့်ခြင်း  စကားလက်ဆောင်ပါးခဲ့သည်။ “ချစ်သော မိတ်ဆွေတို့၊ ဒီခရစ်စမတ်မှာ … ဗက်လင်မြို့ရဲ့ သူငယ်တော် ဆီက မျှော်လင့်ခြင်းကို ရှာကြရအောင်၊ ဒီသူငယ်ဟာ ကျွန်ုပ်တို့မှာရှိတဲ့ လေးသောဝန် မှန်သမျှကို ကျွန်ုပ်တို့ နဲ့အတူ ထမ်းရွက်ဖို့ ကျွန်ုပ်တို့ဆီကို ဆင်းကြွလာတဲ့သူ ဖြစ်တယ်။ …  သူနဲ့ကျွန်ုပ်တို့ကို ဆက်သွယ်ပေးမဲ့ တံတားကို ဘုရားသခင် ကိုယ်တော်တိုင် တည်ဆောက်ခဲ့တယ်။ အထက်အရပ်က အရုဏ်ဦးအလင်းက
ကျွန်ုပ်တို့ထံ ဆင်းကြွလာပြီ”။
ကျွန်ုပ်တို့ မည်သည့်အရပ်၌ ရှိပါလေစေ၊ ကိုယ်တော်နှင့် ကျွန်ုပ်တို့ကြား ကွာဟမှုကို တံတားထိုး ဆက်သွယ်ပြီး ဘုရားသခင်သည် ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ထံ ကြွဆင်းလာကြောင်း သတင်းကောင်းကို  ခရစ်စမတ်အချိန်၌ ကျွန်ုပ်တို့ ခံယူစွဲကိုင် ကြသည်။  ကျွန်ုပ်တို့၏အမိုက်မှောင်ထောင်ထဲသို့ သူ၏အလင်းတော်နှင့် ထိုးဖောက်ဝင်ရောက်ပြီး ကျွန်ုပ်တို့အပေါ် လေးလံဖိစီးနေသော ကြေကွဲဝမ်းနည်းခြင်း၊ အပြစ်မကင်းဖြစ်ခြင်း၊ အထီးကျန်မှုစသော ၀န်များကို ဖယ်ရှားပေးသည်။
မျှော်လင့်ခြင်းကင်းမဲ့ချိန်တွင် “သိုးထိန်းများပတ်လည်၌ ထွန်းလင်းသော တောက်ပသည့် လင်းရောင်ခြည်သည် ကျွန်ုပ်တို့၏အမှောင်ထုထဲသို့ ကျရောက် လာလိမ့်မည်”ဟု ဆရာ နီးမောလယ်က ဤသတင်းကောင်းကို ဝေမျှခဲ့သည်။ သူ့စကားများက ပရောဖက်ဟေရှာယ  ပရောဖက်ပြုပြောကြားခဲ့သည့်စကားကို အမှတ်ရ စေပါသည်။ “မှောင်မိုက်ထဲမှာ သွားလာသောလူများတို့သည် ကြီးစွာသော အလင်းကို မြင်ရ၍ သေမင်း၏နိုင်ငံအရိပ်တွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏”   (ဟေရှာ ၉း၂)။
ယနေ့တွင် မည်သည့်အဖြစ်အပျက်များ ကြုံတွေ့နေရပါစေ၊ ကျွန်ုပ်တို့၏ မှောင်မိုက်လောကထဲသို့ ရှင်ယေရှုသည် သူ၏၀မ်းမြောက်ခြင်းနှင့် အလင်းတို့ဖြင့် ထိုးဖောက်ဝင်ရောက်လာသည်။ DAVID MCCASLAND