စင်္ကာပူနိုင်ငံတွင် ပြုလုပ်သော ခရစ်ယာန်စာပေထုတ်ဝေဖြန့်ချိခြင်း နှီးနှောဖလှယ်ပွဲ၏ နောက်ဆုံးနေ့တွင် အဖွဲ့လိုက်ဓာတ်ပုံရိုက်ရန် နိုင်ငံပေါင်း ၅၀ မှ တတ်ရောက်သည့်လူ အယောက် ၂၈၀ တို့ ဟိုတယ်၏အပြင်သို့ ထွက်၍ စုရုံးလာကြသည်။ ဒုတိယထပ်၏ ထပ်ခိုးမှနေ၍ ဓာတ်ပုံဆရာက ရှုထောင့်အမျိုးမျိုးမှ ဓာတ်ပုံများရိုက်ပြီး နောက်ဆုံး၌ `ပြီးသွားပြီ၊ ရပြီ´ ဟု ပြောလိုက်သည်။ လူအုပ်ကြီးထဲမှ `ကောင်းပြီ။ လောက၀မ်းမြောက်´ ဟူသော အသံတစ်သံ ထွက်သည်။ ချက်ခြင်းပင် `ယေရှု ကြွလာ´ ဟုတစ်စုံတစ်ဦးက တုံ့ပြန်သီဆိုလိုက်သည်။ အခြားသူများလည်း လိုက်၍ သီဆို ကြသည်။ မကြာမီမှာပင် တစ်ဖွဲ့လုံးက မိမိတို့ရပြီးသား ခရစ်စမတ်သီချင်းကို ညီညီညာညာနှင့် လှပစွာ သီကျူးကြ တော့သည်။ စည်းလုံးမှုနှင့် ၀မ်းမြောက်ခြင်းကို ဖော်ကျူးသော ယင်းအဖြစ်ကို ကျွန်ုပ်ဘယ်သောအခါမှ မမေ့တော့ပါ။
ရှင်လုကာခရစ်ဝင်ကျမ်းရှိ ခရစ်စမတ်အကြောင်း၌ `ကြောက်ရွံ့ခြင်း မရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက် ၀မ်းသာစရာ သတင်းကို ငါသည် သင်တို့အား ကြားပြောရ၏။ ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့ အလိုငှာ ဘွားမြင်ခြင်းကို ခံတော်မူပြီ´ ဟူ၍ ယေရှုရှင်ဖွားမြင်သည့်အကြောင်းကို ကောင်းကင်တမန်က သိုးထိန်းတစ်စုအား ကြေညာကြွေးကြော်လိုက်သည် (လု ၂း၁၀-၁၁)။
ဤ၀မ်းမြောက်ခြင်းကား လူနည်းစုအတွက် သာမဟုတ်၊ လူသားအားလုံးအတွက် ဖြစ်သည်။ `ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည့် တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏´ (ယော ၃း၁၆)။
အသက်တာကိုပြောင်းလဲစေသော ရှင်ယေရှု၏သတင်းစကားကို အခြားသူများ နှင့် ကျွန်ုပ်တို့ ဝေမျှကြသည်တွင် ကျွန်ုပ်တို့သည်`ဘုရားရှင်၏ ဖြောင့်မတ်ခြင်းဘုန်းတော်၊ ကိုယ်တော်၏အံ့ဖွယ်မေတ္တာတော်´အကြောင်း ကြွေးကြော်ကျူးအေးသော ကမ္ဘာအနှံ့ရှိ သံစုံအဖွဲ့တွင် ပါဝင်သီကျူးခြင်းဖြစ်တော့သည်။
`လောက ဝမ်းမြောက်၊ ဘုရားကြွလာ’။  DAVID MCCASLAND