ကျွန်မ ကူညီနေသော အသင်းတော်၏ အခန်းတစ်ခန်း၌ အလုပ်ရှုပ်နေသည်။ ကလေး တစ်ဒါဇင်နီးပါးသည် စကားပြောရင်း ဆော့ကစားနေကြသည်။ လှုပ်လှုပ်ရှားရှားနှင့် အခန်းမှာ ပူအိုက်လာ၍ တံခါးမကို ကျွန်မတွန်းဖွင့်လိုက်သည်။ ဤအရာကို သူ၏လွတ်မြောက်ရန် အခွင့်လမ်းဟု မြင်ကာ မည်သူတစ်ဦးကမှ ကြည့်မနေဆိုသည့် အထင်နှင့် ယောက်ျားလေးတစ်ဦးက အပြင်သို့ တိတ်တဆိတ် ထွက်သွားသည်။ သူ့နောက်သို့ လိုက်ကြည့်ရာ သူ့ဖခင်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားနေသည်ကို တွေ့ရသည်။ ကျွန်မ မအံ့ဩမိပါ။
ကလေးက သူ့ဖခင်နှင့်အတူ ရှိနေရန် ထွက်သွား သည်။ ဘ၀အသက်တာ၌ ရှုပ်ထွေးပြီး လွှမ်းမိုးဖိအားပေးမှု များခံရစဉ် ကျွန်မတို့ လုပ်ဆောင်သင့်သည့်အရာကို ဤကလေးက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သခင်ယေရှုသည် ဆုတောင်းခြင်းဖြင့် ကောင်းကင်ဘုံရှင် အဘဘုရားနှင့် အချိန်ယူရန် အခွင့်ကို ရှာဖွေခဲ့သည်။ ဤနည်းဖြင့် ကိုယ်တော်သည် လူ့အစွမ်း လူ့ခွန်အားနှင့်မမျှသည့် ဆောင်ရွက်စရာ အမှုအရေးအရာ တောင်းဆိုမှုများကို ကောင်းစွာ ခွဲခန့်စီမံနိုင်ခဲ့သည်ဟု လူအချို့က ဆိုကောင်းဆိုမည်။ ရှင်မဿဲခရစ်ဝင်ကျမ်းအရ လူအုပ်ကြီးက သူ့နောက်သို့လိုက်နေချိန်၌ သခင် ယေရှုသည် လူရှင်းသောတောအရပ်သို့ သွားနေကြောင်း သိရသည်။ လူအုပ်ကြီး၏ လိုအပ်ချက်ကို ဂရုပြုပြီး သူတို့ကို သခင်ယေရှုက အံ့ဩဖွယ် ကျန်းမာခွင့်ပေးခဲ့သည်။ ကျွေးမွေးခဲ့သည်။ မည်သို့ပင် ဖြစ်ပါလေစေ၊ ထိုအမှုများပြီးသည့်နောက် သခင်ယေရှုသည် “ဆုတောင်းပတ္ထနာပြုအံ့သောငှာ တောင်ပေါ်၌ ဆိတ်ကွယ်ရာအရပ်သို့ တက်ကြွ တော်မူ၏” (မ ၁၄း၂၃)။
လူအမြောက်အမြားကို သခင်ယေရှု အကြိမ်ကြိမ် မစကူညီခဲ့သည်။ သို့သော် သူ့ကိုယ်ကို ပင်ပန်းနွမ်းနယ်အောင်၊ ဖုတ်ပူမီးတိုက် ကတိုက်ကရိုက် လုံးဝမလုပ်ခဲ့ပါ။ ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်နှင့် သူ၏ဆက်သွယ်မှုကို ပျိုးထောင်ခဲ့သည်။ သင့်အသက်တာကော မည်သို့ရှိသနည်း။ ဘုရားသခင်၏ ခွန်အားနှင့် ပြည့်ဝစုံလင်မှုကို တွေ့ကြုံခံစားရအောင် ကိုယ်တော်နှင့် တစ်ဦးချင်း အချိန်ယူမည်လား။ ။ JENNIFER BENSON SCHULDT