မူကြိုအရွယ် မြေးမလေး မဲဂ္ဂီနှင့် သူငယ်တန်းအရွယ် သူ့အစ်မ ကေတီတို့သည်  ရွက်ဖျင်တဲ ဆောက်တမ်းကစားရန် ခြုံစောင်များကို အိမ်အနောက်ဘက်ခြံဝင်းသို့ ဆွဲယူ သွားကြသည်။ တစ်အောင့်အကြာတွင် အမေကို အော်ခေါ်လိုက်သည့် မဲဂ္ဂီ  ၏အသံကို ကြားလိုက်ရသည်။
“မေမေရေ ဒီကို မြန်မြန်လာခဲ့၊ သမီးစိတ်နှလုံးထဲ သခင်ယေရှုကို ခေါ်ဖိတ်ချင်တယ်၊ အဲဒါကြောင့် မေမေ့ အကူအညီလိုတယ်” ဟု မဲဂ္ဂီက အော်ပြောသည်။ ကြည့်ရသည်မှာ ထိုအချိန်အခိုက်အတန့်လေး၌ သခင် ယေရှုကို လိုအပ်ကြောင်း သူရှင်းရှင်း သိလိုက်ပုံရပြီး ကိုယ်တော့်ထံ ယုံကြည် အပ်နှံရန် သူအသင့်ရှိနေသည်။
ယေရှုရှင်ကို ယုံကြည်အပ်နှံရန်အတွက် မဲဂ္ဂီ၏ အလောတကြီး အကူအညီ တောင်းလိုက်ခြင်းက ၂ ကော ၆
၌ ပြောထားသော ကယ်တင်ခြင်းအကြောင်း ပေါလု၏ စကားကို ပြန်အမှတ်ရစေသည်။ ထိုကျမ်းပိုဒ်၌ ကိုယ်တော်၏အသေခံခြင်းနှင့် ရှင်ပြန်
ထမြောက်ခြင်းအကြောင်း အပါအ၀င် ယေရှုခရစ်တော်ကြွလာသည့် အကြောင်းရင်း အမှန်ကို ဖော်ပြဆွေးနွေးလျက် နှစ်သက်ဖွယ်သောအချိန် – `ကျေးဇူးတော်ကာလ´ကို ဖြစ်ပေါ်စေခဲ့သည်။ ကျွန်ုပ်တို့သည် ထိုကျေးဇူးတော်ကာလ၌ အသက်ရှင်နေထိုင်ရပြီး ယခုနေ့ရက်အချိန်၌ ကယ်တင်ခြင်းခံရရန် လူတိုင်းအခွင့်ရှိပေသည်။ `ကယ်တင်ရာ နေ့ရက်ကာလ၌ သင့်ကို ငါမစပြီဟု လာသည်နှင့်အညီ ယခုပင် နှစ်သက်ဖွယ်သော အချိန်ရှိ၏´ (၂ ကော ၆း၂)ဟု ရှင်ပေါလုပြောခဲ့သည်။ အပြစ်ခွင့်လွှတ်ခြင်းခံရရန် ယေရှုရှင်ကို မယုံကြည် မအပ်နှံရသောသူအားလုံး ယုံကြည်အပ်နှံရန်အချိန်ကား ယခုပင် ဖြစ်သည်။ အရေးကြီးပြီး အဆောတလျင်လုပ်ဆောင်ရန်လိုသည်။
ယေရှုရှင်ကို သင်ယုံကြည်ကိုးစားရန် လိုအပ်နေကြောင်း သန့်ရှင်းသော ၀ိညာဉ်တော်က သင့်ကို သတိပေးမည်။ မဲဂ္ဂီနည်းတူ အချိန်မဆွဲဘဲ ယေရှုရှင်ထံ ပြေးဝင်ပါ။ ယခုပင် နေ့ရက်ကောင်းဖြစ်သည်။  DAVE BRANON