သင်းအုပ်ဖြစ်သော ကျွန်မအမျိုးသားထံ ညဘက်ကြီး ဖုန်းဝင်လာသည်။ ကျွန်မတို့
အသင်းတော်၏ဆုတောင်းသူရဲကောင်းတစ်ယောက်ဖြစ်သည့် အသက် ၇၀ အရွယ် တစ်ဦးတည်းနေထိုင်သူ အဘွားတစ်ဦးမှာ အစာမစားနိုင်၊ မသောက်နိုင်၊ ဘာမှမမြင်နိုင်၊ လမ်းပင် မလျှောက်နိုင်သည်အထိ နာမကျန်းဖြစ်သွား၍ သူ့ကို ဆေးရုံတင်လိုက်ရသည်။
သေမလား ရှင်မလား မသိနိုင်တော့သည့် အခြေအနေတွင် ဘုရားရှင်ထံမှ မစမှုကို အသနားခံကာ သူပြန်လည် ကျန်းမာ လာရန်အတွက် တောင်းလျှောက်ခဲ့သည်။ အသင်းတော်သည် သူအတွက် ၂၄ နာရီ သံကြိုးကွင်းဆက် လာရောက် လည်ပတ်အားပေးမည့်သူများကို ခွဲခန့်မှတ်သားလိုက်ပြီး၊ သူသာမက အခြားလူနာများ၊ ဧည့်သည်၊အစောင့်နှင့် ဆေးရုံ ၀န်ထမ်းများအား ခရစ်ယာန်မေတ္တာကို ပြသနိုင်ခဲ့သည်။
ရှေးကနဦး ဂျူးခရစ်ယာန်များထံ ရှင်ယာကုပ် ရေးသားသောစာတွင် အသင်းတော်များအား မစမှု လိုအပ်သူ ဆင်းရဲသားများကို ဂရုစိုက်ရန် တိုက်တွန်းထားသည်။ ယာကုပ်သည် ယုံကြည်သူများအား နှုတ်ကပတ်တရားကို နာရုံမျှသာမဟုတ်၊ တရားကို ကျင့်သောသူဖြစ်စေချင်ခဲ့သည် (၁း၂၂-၂၅)။ ရှေးယခင်က လူမှုဘ၀တွင် မိသားစုများ အနေဖြင့် မိဘမဲ့နှင့်မုဆိုးမများကို (း၂၇) ဂရုပြုရန် တာဝန်ရှိခြင်းကြောင့် ၎င်းတို့ကို အားနွဲ့သူများအဖြစ်ဖော်ပြလျက် ၎င်းတို့၏လိုအပ်ချက် များကို ဖော်ပြခဲ့သည်။
ကျွန်ုပ်တို့အသင်းတော်နှင့် ပတ်ဝန်းကျင်တွင် အခက်အခဲဒုက္ခရောက်နေသူ များကို မည်သို့ ကူညီတုံ့ပြန်မှုပြုကြမည်နည်း။ မုဆိုးမနှင့်မိဘမဲ့များကို ကူညီခြင်းသည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို  လေ့ကျင့်ရန်အတွက် အရေးပါသော အခန်းကဏ္ဍအဖြစ် ကျွန်ုပ်တို့ ယူဆထားပါသလား။ နေရာတိုင်းတွင်ရှိသည့် လိုအပ်နေသူများအတွက် အစေခံနိုင်ရန် အခွင့်အရေးများကို မြင်နိုင်စိမ့်သောငှာ ကျွန်ုပ်တို့၏မျက်လုံးများကို ဘုရားရှင် ဖွင့်ပြပါစေ။ AMY BOUCHER PYE