မဲမှောင်သော နံနက်ခင်းပေ။ အမည်းရောင် တိမ်တိုက်များက ကောင်းကင်၌ ပြည့်နှက် နေပြီး ပတ်ဝန်းကျင်မှာ အုံ့မှိုင်းနေသဖြင့် ကျွန်ုပ်စာဖတ်ရန် မီးဖွင့်ဖို့ လိုသည်။ အခန်း၌ လင်းထိန်သွားမှ နေသားတကျ ဖြစ်သွားသည်။ အပြင်ကို မျှော်ကြည့်လိုက်သောအခါ လေက တိမ်များကို အရှေ့ဘက်သို့ တွန်းပို့လိုက်သဖြင့် ကောင်းကင်ကြီး ကြည်လင် သွားကာ နေမင်း၏အလင်း ထွက်ပေါ်လာသည်။
မြင်ကွင်းကို ကောင်းစွာတွေ့ရရန် ပြတင်းပေါက်ဆီသို့ ကျွန်ုပ် လှမ်းသွားခဲ့စဉ် အတွေးတစ်ခု ခေါင်းထဲဝင်လာသည်။ “အကြောင်းမူကား၊ မှောင်မိုက်ပျောက်လွင့်၍၊ မှန်သော အလင်းသည် ထွန်းတောက်လျက်ရှိ၏” (၁ ယော ၂း၈)။ တမန်တော် ရှင်ယောဟန်က ထိုစကားများအား ယုံကြည်သူ များကို အားပေးရန် ရေးသားခဲ့ခြင်းဖြစ်သည်။ သူက “မိမိ ညီအစ်ကိုကို ချစ်သောသူသည် အလင်း၌ တည်နေ၏။ ထိမိ၍ လဲစရာအကြောင်းသည် ထိုသူ၌မရှိ” (း၁၀) ဟု ဆက်လက် ပြောဆိုခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် မုန်းတတ်သောသူများကို အမှောင်၌ ကျင်လည်သောသူများနှင့် တန်းတူသတ်မှတ်ခြင်းဖြစ်သည်။ အမုန်းတရားက အသိတရားကို တုံ့ဆိုင်းစေပြီး ကျွန်ုပ်တို့၏ ကိုယ်ကျင့်သိက္ခာ လမ်းကြောင်းကို သွေဖယ်စေသည်။
လူသားများကို ချစ်ခြင်းက အမြဲတော့ မလွယ်ကူပါ။ သုံးသပ်ကြည့်လိုက်သောအခါ စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ ခွင့်လွှတ်ခြင်းနှင့် သစ္စာရှိခြင်းတို့သည် ဘုရားသခင်၏ ချစ်ခြင်း၊ ဘုရားသခင်၏အလင်းနှင့် နက်နဲသော ဆက်ဆံရေးကို ထိန်းသိမ်းပေးသည့်အစိတ်အပိုင်းများဖြစ်ကြောင်း သတိပေးခြင်း ခံရသည်။ မုန်းတီးခြင်းအစား ချစ်ခြင်းကို ကျွန်ုပ်တို့ ရွေးချယ်သောအခါ ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ လောကကမ္ဘာအား ကိုယ်တော်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ပြသပြီး ကိုယ်တော်၏အလင်းအား ထင်ဟပ် စေခြင်းပင်ဖြစ်သည်။ ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။ “ဘုရားသခင်၌ မှောင်မိုက်
အလင်းမရှိ” ( ၁ယော ၁း၅)။ JENNIFER BENSON SCHULDT
ဖတ်ရန်: ၁ ေယာ ၂း၃-၁၁ သမ္မာကျမ်းစာတစ်နှစ်စာ: □ ယောလ ၁-၃ □ ဗျာ ၅
အကြောင်းမူကား၊ မှောင်မိုက်ပျောက်လွင့်၍၊ မှန်သောအလင်းသည် ထွန်းတောက်လျက်ရှိ၏။
(း၈)
ချစ်တော်မူသော ဘုရား၊ သခင်၏ချစ်မေတ္တာကို အခြားသူများနှင့် မျှဝေနိုင်အောင် သခင်၏မေတ္တာကို အကျွန်ုပ် ပို၍ ပြည့်စုံစွာ တွေ့ကြုံ ခံစားနိုင်ရန် ကူမတော်မူပါ။ ကိုယ်တော်၏ကျေးဇူးတော်နှင့် ကရုဏာအလင်း၌ အကျွန်ုပ် အသက်ရှင်လိုပါသည်။
လူသားများကို ချစ်ရန် ရွေးချယ်ခြင်းက ဘုရားသခင်သည် မည်သို့သောဘုရားဖြစ်သည်ကို လောကသားတို့အား ကောင်းစွာ ပြသသည်။
Our Daily Bread Topics:
odb