ကျွန်ုပ်တို့ သက်ကြီးကျမ်းစာသင်တန်း၏ အဓိကအချက်မှာ ‘‘ငါ၏လူတို့ကို သက်သာ စေကြလော့” ဖြစ်သည်။ သင်တန်း၌ ပို့ချသူများက တစ်ဦးပြီးတစ်ဦး ထိုခေါင်းစဉ်နှင့် စပ်လျဉ်း၍ စိတ်ချမှုရှိရန် ဟောပြောကြသည်။ သို့သော် နောက်ဆုံးပို့ချသည့်ဆရာက လေသံကို သိသိသာသာ ပြောင်းလိုက်သည်။ သူက ယေ ၇း၁-၁၁ ကို ရွေးချယ်လိုက်ပြီး ခေါင်းစဉ်မှာ ‘‘အိပ်ပျော်ရာမှ နိုးထကြလော့” ဖြစ်သည်။ စကားကို နူးညံ့စွာ မပြောသော်လည်း နိုးထလျက် အပြစ်ကို ရှောင်ရှားကြရန် မေတ္တာနှင့် စိန်ခေါ်ခဲ့သည်။
‘‘ဘုရားသခင်ရဲ့ကျေးဇူးတော်ကို အလွဲသုံးစားလုပ်ပြီး၊ လျှို့ဝှက်စွာ အပြစ်ပြုပြီး အသက်ရှင်တာမျိုး မလုပ်ပါနဲ့။
ကျွန်တော်က ခရစ်ယာန်၊ ဘုရားသခင် ကျွန်တော့်ကို ချစ်တယ်။ နတ်ဆိုးကို ကျွန်တော်မကြောက်ဘူးလို့ ကျွန်တော်တို့ ၀ါကြွားကြတယ်။ ပြီးတော့ ကျွန်တော်တို့ အပြစ်အမျိုးမျိုး ကျူးလွန်ကြ တယ်”ဟု ပရောဖက်ယေရမိကဲ့သို့ သူအလေးအနက် ဆုံးမသည်။
သူ ကျွန်ုပ်တို့အပေါ် ၀န်တာထားလျက် ဂရုပြုခြင်းဖြစ်ကြောင်း သိသော်လည်း ကျွန်ုပ်တို့မှာ မသက်မသာခံစားရလျက် သူ့စကားကို နားထောင်မိသည်။ ‘‘ဘုရားသခင်က ချစ်ခြင်းမေတ္တာ ဖြစ်တော်မူတယ်။ ဒါပေမဲ့ သူဟာ လောင်သောမီးလည်း ဖြစ်တယ်(ဟေဗြဲ ၁၂း၂၉)။ ဘုရားသခင်ဟာ အပြစ်ကို မသိကျိုးကျွန်မလုပ်ဘူး။”
‘‘သင်တို့သည် သူ့ဥစ္စာကို ခိုးလျက်၊ လူအသက်ကို သတ်လျက်၊ သူ့မယားကို ပြစ်မှားလျက်၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုလျက် ဗာလဘုရားရှေ့၌ နံ့သာပေါင်းကို မီးရှို့လျက်၊
ကိုယ်မသိဘူးသော အခြားတစ်ပါးသော ဘုရားနောက်သို့လိုက်လျက်နှင့်၊ ငါ၏နာမဖြင့် သမုတ်သော ဤအိမ်တော်၌၊ ငါ့ရှေ့မှာဝင်၍ ရပ်လျက်၊ ဤရွံရှာဖွယ်သော အမှုအလုံးစုံ တို့ကို ပြုသောကြောင့်၊ အကျွန်ုပ်တို့သည် ကယ်နှုတ်တော်မူခြင်း ကျေးဇူးတော်ကို ခံရ ပါပြီဟု လျှောက်ရကြမည်လော”(၇း၉-၁၀) ဟု ယေရမိ မေးခွန်းထုတ်ထားသည်။
ထိုတရားဟောချက်သည် ဘုရားသခင်၏သက်သာစေခြင်းတစ်မျိုးဖြစ်သည်။ ဆေးခါးက ငှက်ဖျားကို ပျောက်ကင်းစေသကဲ့သို့ သူ၏စကားများက ၀ိညာဉ်ရေးရာကို ကုစား ပေးသည်။ နားမခံသာသောစကားကို ကျွန်ုပ်တို့ကြားသောအခါ။ ရှောင်ထွက်သွား ခြင်းထက် ၎င်း၏အနာငြိမ်းခြင်းအကျိုးကို ခံစားနိုင်ကြပါစေ။  LAWRENCE DARMANI