သခင်ယေရှုကို ယုံကြည်ခြင်းအကြောင်း ပြောသောအခါ တစ်ခါတစ်ရံ စကားလုံးများကို နားမလည်၊ ရှင်းလင်းပြခြင်း မရှိဘဲ ကျွန်ုပ်တို့ အသုံးပြုကြသည်။ ထိုစကားလုံးများ အနက် ဖြောင့်မတ်ခြင်း (righteous) ဖြစ်သည်။ ဘုရားသခင်သည် ဖြောင့်မတ်ခြင်းတရား (righteousness) နှင့် ပြည့်စုံပြီး လူများကို ကိုယ်တော်ဖြောင့်မတ်ရာ၌ တည်စေသည် (righteous) ဟု ကျွန်ုပ်တို့ ပြောဆိုကြသော်လည်း ၎င်းသည် နားလည်ရန် ခက်ခဲသော အချက်ဖြစ်သည်။
ဖြောင့်မတ်ခြင်းတရား (righteousness) ကို တရုတ်
ဘာသာစကားတွင် ပုံဖော်ထားပုံက နားလည်နိုင်အောင် အထောက်အကူပြုမည်။ ၎င်းမှာ စာလုံးနှစ်လုံးကို ပေါင်းစပ် ထားခြင်းဖြစ်သည်။ အပေါ်စာလုံးမှာ သိုးသူငယ် (Lamb) ဖြစ်ပြီး အောက်စာလုံးမှာ ကျွန်ုပ် (me) ဖြစ်သည်။ သိုးသူငယ် သည် ကျွန်ုပ်တို့ကို ဖုံးအုပ်သည် (သို့) သိုးသူငယ်သည် ကျွန်ုပ်တို့ အထက်မှ ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်နိုင်သည်။
သခင်ယေရှုဤလောကသို့ ကြွလာသောအခါ နှစ်ခြင်းဆရာယောဟန်က ‘‘ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏သိုးသူငယ်ကို ကြည့်လော့” (ယောဟန် ၁း၂၉)ဟု ပြောခဲ့သည်။ အပြစ်များကို ကျွန်ုပ်တို့ ဖယ်ရှားပစ်ရန် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းက ဖြောင့်မတ်သန့်ရှင်းသော ဘုရားသခင်နှင့် ကျွန်ုပ်တို့ကို ဝေးကွာစေသောကြောင့်ဖြစ်သည်။ ကိုယ်တော်၏မေတ္တာ ကြီးမားလှသောကြောင့် အပြစ်နှင့်ကင်းစင်သော သားတော်သခင်ယေရှုအား ‘‘ကျွန်ုပ်တို့အတွက် အပြစ်ရှိသောသူ ဖြစ်စေခဲ့သည်” (၂ ကော ၅း၂၁)။ သိုးသူငယ် ယေရှုသည် ကိုယ့်ကိုယ်ကို စွန့်လျက် အသွေးသွန်းခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဖုံးအုပ်သည့် `အကွယ်အကာ´ ဖြစ်လာခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ဖြောင့်မတ်ရာ၌ တည်စေလျက် ဘုရားသခင်နှင့် ကောင်းမွန်မှန်ကန်သောဆက်ဆံရေးကို ပြန်လည် ရရှိစေခဲ့သည်။
ဘုရားသခင်နှင့် သင့်မြတ်ခြင်းသည် ကိုယ်တော်ထံမှ လက်ဆောင်ဖြစ်သည်။ သိုးသူငယ် ယေရှုသည် ကျွန်ုပ်တို့အား ကာကွယ်မည့် ဘုရားသခင်၏နည်းလမ်း ဖြစ်သည်။ ANNE CETAS