နယူးယောက်မြို့ ဘုရားကျောင်းတစ်ခု၏အပြင်ဘက်၌ ခင်းကျင်းထားသည့် ခရစ်တော် ဖွားမြင်တော်မူခန်းရှိ နွားစာခွက်၌ မွေးကင်းစကလေးငယ်လေးကို ငယ်ရွယ်ပြီး ခိုကိုးရာမဲ့ မိခင်ဖြစ်သူက စွန့်ပစ်ထားခဲ့သည်။ ကလေးကို နွေးနွေးထွေးထွေး ထုပ်ပိုးထားပြီး ထင်သာမြင်သာရှိသည့်နေရာ၌ ထားရစ်ခဲ့သည်။   ဝေဖန်ရမည်ဆိုလျှင် ကလေးငယ်
အသက်ရှင်ခွင့်ရအောင် ပြုလုပ်ခဲ့သည့်အတွက် ကျေးဇူးပင် တင်ရဦးမည်။
၎င်းသည် ကျွန်ုပ်တစ်ဦးတည်း၏ကိုယ်ပိုင် ခံစားချက် ဖြစ်ပါ သည်။ ကျွန်ုပ်ကိုယ်၌က မွေးစားခံရသောကလေးဖြစ်ပြီး ကျွန်ုပ်မွေးဖွားစဉ်က အခြေအနေအရပ်ရပ်နှင့် ပတ်သက်ပြီး ဘာမျှ မသိရပါ။ သို့သော် စွန့်ပစ်ခံရသည်ဟု စိုးစင်းမျှ ကျွန်ုပ် မခံစားခဲ့ရပါ။ ကျွန်ုပ်အတွက် သေချာသည့်အရာကတော့ ကျွန်ုပ်ကို အသက်ရှင်စေလိုသည့် အမေနှစ်ဦးရှိပါသည်။ တစ်ဦးက ကျွန်ုပ်ကို အသက်ပေးခဲ့သူ ဖြစ်ပြီး၊ ကျန်တစ်ဦးမှာ သူ့အသက်တာကို ကျွန်ုပ်၌ ရင်းနှီးမြှုပ်နှံခဲ့ပါသည်။
မျှော်လင့်ချက်မဲ့နေသော အခြေအနေ၌ ချစ်ခင်ကြင်နာသည့် မိခင်တစ်ဦး အကြောင်းကို ထွက်မြောက်ရာကျမ်း၌ ဖတ်ရှုရသည်။ ဂျူးလူမျိုးမှ မွေးဖွားလာသည့် သားယောက်ျားလေးအားလုံးကို သတ်ပစ်ရန် ဖာရောဘုရင် အမိန့်ထုတ်ထားသည် (၁း၂၂)။ သို့ဖြစ်၍ မောရှေ၏မိခင်က တတ်နိုင်သမျှ မောရှေကို ၀ှက်ထားခဲ့သည်။ မောရှေ သုံးလအရွယ်ရောက်သော် သူ့ကို ရေလုံသည့်ခြင်းထဲ ထည့်ကာ နိုင်းမြစ်ထဲ သွားထားခဲ့သည်။ ဖာရောဘုရင်၏ သမီးတော်က မောရှေကို ကယ်တင်ပြီး နန်းတော်၌ ကြီးပြင်းစေကာ နောက်ဆုံးတွင် ကျွန်ခံနေရသော သူ့လူမျိုးများကို ကယ်ထုတ်သွား ရမည်။ စီစဉ်ကြံစည်ထားသည့်အတိုင်း ထိုအကြံအစည် အထမြောက်ခဲ့သည်။
ခိုကိုးရာမဲ့နေသော မိခင်က သူ့ရင်သွေးအား အသက်ရှင်ခွင့်ပေးပါက ဘုရားသခင်က ထိုနေရာမှဆက်ပြီး လုပ်ဆောင်နိုင်သည်။ ဘုရားသခင်သည် ဆန်းသစ်သော နည်းလမ်းများကို တွေးပြီး ကြံကြံဖန်ဖန်   ပြုလုပ်တတ်သောအလေ့အထ ရှိသည်။ TIM GUSTAFSON